လိုင်ဇာမြို့တွင် KIO ၏ (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့ပြုလုပ်

လိုင်ဇာမြို့တွင် KIO ၏ (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့ပြုလုပ်

ဩဂုတ်လ ၁၀ ရက်

ကချင်ပြည်နယ်၊ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO)၏ ယနေ့ဩဂုတ်လ ၁၀ရက်နေ့တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့အခမ်းအနား ပြုလုပ်သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားကို KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကိုယ်စား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဂွမ်ထန်က အာဇာနည်နေ့မိန့်ခွန်းကို ပြောကြားခဲ့သည်။

အဆိုပါ အာဇာနည်နေ့မိန့်ခွန်းတွင် “ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊နိုင်ငံသားများ၏လုံခြုံရေးကဏ္ဍများနှင့် လူမှုဘဝများသည် ယခင်ကာလများနှင့်မတူ များစွာကွဲပြားပြီး ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

ထို့အပြင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေဆိုးများသည် သမိုင်းတွင် မကြုံစဖူး ရင်ဆိုင်နေရသည့်အချိန် ဖြစ်ကြောင်းနှင့် ယခင်ကာလများက တောင်တန်းဒေသနေ ပြည်သူများမှ ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရသည့် အရာများကို ယနေ့ကာလတွင် မြန်မာနိုင်ငံတစ်ခုလုံးမှ ပြည်သူများ ရင်ဆိုင် တွေ့ ကြုံနေရပြီ ဖြစ်သည်။

ထိုသို့​​သော လူထုတစ်ရပ်လုံး ခါးသီးစွာ ရင်ဆိုင်ခံ စားနေရခြင်း အဓိကတရားခံ အရင်းအမြစ်သည် စစ်အာဏာရှင် စနစ်ဖြစ်ကြောင်း “ ဟု ထောက်ပြ၍ ဖော်ပြထားသည်။

ဗမာလူမျိုးကြီးဝါဒ၊ နယ်ချဲ့စနစ်နှင့် ဘာသာရေး အစွန်းရောက်စနစ်များက ဖုံးအုပ်ကာကွယ်ပေးထားခဲ့သောကြောင့် ၂၁ ရာစု ကာလသို့ရောက်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အမြစ်တွယ် ခိုင်ခန့်နေဆဲ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် ဗမာလူမျိုးကြီးဝါဒ ကြီးစိုးမှုက နှစ်ပေါင်း ၇၅ နှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး၊ အာဏာရှင်စနစ်ဖြင့် အုပ်စိုးခဲ့သည်မှာ နှစ်ပေါင်း ၆၀ သို့ရောက်ရှိလာပြီ ဖြစ်သည်။

ထိုအရာများကြောင့် တိုင်းပြည်အတွင်း ပြဿနာပေါင်းများစွာ ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို အနိုင်ယူ ဖြတ်ချပစ်မှသာ လာမည့်ကာလများတွင် မြန်မာ့နိုင်ရေးအနာဂတ် လှပလာမည်ဖြစ် ကြောင်းကိုလည်း ထောက်ပြပြောဆိုထားသည်။

၂၀၂၂ ခုနှစ် မေလမှစတင်ပြီး တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ခြင်းစီကို စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ဆွေးနွေးပွဲသည် အာဏာသိမ်းစစ်ကောင်စီကို အင်အားရပ်ဖြစ်စေမည်ဖြစ်ပြီး အာဏာသိမ်းမှုကို အသိအမှတ်ပြုရာရောက်မည် ဖြစ်သည်။

လက်ရှိအချိန်သည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းဖြေရှင်းနိုင်သည့် အချိန်ကာလမဟုတ်ပေ။ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တိုင်းပြည်ပြဿနာများကို ညှိနှိုင်းအဖြေရှာရန်ဆိုသည့် စစ်တပ်၏စကားကို မည်သူမျှ အယုံအကြည်မရှိတော့ပါ။

နိုင်ငံရေးပြဿနာများကို မှန်ကန်ပြီး တရားမျှတစွာ ဆွေးနွေးအဖြေရှာ ဖြေရှင်းနိုင်သည့် အချိန်ကာလသည် များမကြာမီအချိန်တွင် ရောက်ရှိလာတော့မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ၄င်းကာလအတွက် ပြင်ဆင်ထားကြရန်ကိုလည်း တိုက်တွန်းထားသည်။

လက်ရှိမြန်မာ့နိုင်ငံရေးသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် တရားစီရင်ရေးကဏ္ဍတစ်ခုလုံး ပျက်ယွင်းနေပြီဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးက “ဓားတုံးလည်းကြောက်ရ၊ ဓားထက်လည်း ကြောက်ရ”သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။

ထို့အပြင် “မည်သူက မိတ်ဆွေ မည်သူက ရန်သူ” ဆိုသည့် ခွဲခြားရခက်သည့် အခြေအနေလည်း အတူနေ ရှမ်းညီနောင်များနှင့် ကချင်လူထုအကြား သွေးထိုးပြီး ပြည်သူ့စစ်ခေါင်းစဉ်ဖြင့် အမျိုးသားရေးပြဿနာဖြစ်လာစေရန် ဖန်တီးနေပြီဖြစ်ကြောင်းကိုလည်း သတိပေးတိုက်တွန်းပြောဆိုထားသည်။

ယင်းအခြေအနေများကြောင့် နိုင်ငံရေးအရ နည်းလမ်း မှန်မှန်ဖြင့် ရှောင်လွှဲဖြေရှင်းနိုင်ရန်လိုအပ်ပြီး လူထုအနေဖြင့်လည်း သတိထားကာ အမြဲဂရုပြုနေရန် တိုက်တွန်းထားသေးသည်။

KIO အစိုးရအနေဖြင့် ပညာရေးကို အလေးပေးသည်ဖြစ်၍ ကချင်ဒေသတွင် ကျောင်းပညာ ဆက်လက် သင်ကြားနိုင်ရေးအတွက် ပိတ်ဆို့မှုများ မပြုလုပ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို အားပေးအားမြှောက်ပြုသည့် သင်ကြားရေးကျောင်းများမဖြစ်ရန် အထူးသတိပေးထားသည်။

ထို့အပြင် စစ်ဖြစ်ပွားရာဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းတွင် ယခင်နှစ်များကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ခြင်းကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၌ အစားအစာငတ်မွတ်ခြင်းများ ကြုံတွေ့လာနိုင်သောကြောင့် မိမိဒေသကျေးရွာများတွင် ဆန်နှင့်အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းများကို စိုက်ပျိုးကြရန် အလေးအနက် တိုက်တွန်းထားသေးသည်။

ဆန်နှင့် အစားအသောက်များကို ချွေတာကြရန်လည်း အရေးကြီးပြီ​ဟု KIO ဥက္ကဋ္ဌ အင်ဘန်လ၏ (၄၇)နှစ်မြောက် KIA အာဇာနည်နေ့ မိန့်ခွန်းတွင် ရေးသားဖော်ပြ ပြောဆိုထားသည်။

ကချင်လေး

(ကချင်တိုင်းရင်းသားဘာသာစကားများဖြင့် ပြောဆို၊ ထုတ်ပြန်လိုက်သည့် အာဇာနည်နေ့မိန့်ခွန်းကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်လည်ရေးသားထားခြင်းသာဖြစ်သောကြောင့် လွဲမှားမှု တစ်စုံတစ်ရာဖြစ်ပါက ကျနော်တို့အဖွဲ့၏ အားနည်ချက်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်)

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly