မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ဦး ထပ်မံဖမ်းဆီးခံရ

မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ဦး ထပ်မံဖမ်းဆီးခံရ

ဩဂုတ်လ ၁၀ ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ငါးဦးအား ဖမ်းဆီးပြီး နိုင်ငံခြားသားအက်ဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မီဇိုရမ် သတင်း အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထား သည်။

ဩဂုတ်လ ၉ရက်နေ့တွင် မြန်မာနိုင်ငံသားများအား ၎င်းတို့နေထိုင်သောအိမ်တွင် တရားဝင် နေထိုင်ခွင့် သက်သေအထောက်အထား စာရွက်စာတမ်းမပြနိုင်သဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“သူတို့ကို ဒီနေ့ရုံးထုတ်ပါတယ် ။ နောက်ထပ်ရဲစခန်းမှာ လေးရက် ဆက်ထားအုန်းမယ် ပြောတယ် အဲဒီနောက်မှာ အမိန့်ချမယ်လို့သိရတယ်” ဟု တရားရုံးကို ရောက်ခဲ့သူ မြန်မာနိုင်ငံသားတစ်ဦးက မဇ္စျိမကို ပြောသည်။

၎င်းတို့ကို Churachandpur ခရိုင် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားအက်ဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၈ ရက်ကလည်း ကျာရမ်ကျန်ပူခရိုင်ရဲများက နေအိမ်များတွင် တစ်အိမ်တက်ဆင်းကာ

မြန်မာနိုင်ငံသား အမျိုးသား ၂၅ဦး ၊ အမျိုးသမီး ၃၅ဦးနှင့် ကလေး ၂၀ ဦး စုစုပေါင်း ၈၀ဦးအား ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့အား အင်ဖားထောင်တွင် ချုပ်နှောင်ထားပြီး အမျိုးသား ၂၅ဦးအား ထောင်ဒဏ် ငါးလနှင့် ဒဏ်ငွေ ၁,၀၀၀ ချမှတ်ထားပြီး အမျိုးသမီးများအား အမိန့်ချမှတ်ထားခြင်းမရှိဘဲ ရုံးချိန်း ဆက်လက်ချိန်းဆိုနေကြောင်း သိရသည်။

ယခုအချိန်တွင် မည်သို့သော စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်းမသိရသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအချို့အား လုံခြုံရေးအစောင့်အရှောက်များနှင့် နေရာတစ်နေရာတွင်ထိန်သိမ်းထားကာ အလုပ်လုပ်ကိုင်ခွင့်ပြုထားကြောင်း အဆိုပါမြန်မာနိုင်ငံသားက ဆက်ပြောသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အဖမ်းဆီးမခံရစေရန် ရှောင်တိမ်းကြစေလိုကြောင်း ၊ ဒေသအတွင်းတွင် လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ပွါးမှုရှိနေသည့်အတွက် မြန်မာနိုင်ငံသားများအပေါ် မလိုလားအပ်သော ပြဿနာများလည်းပေါ်ပေါက်နိုင်ကြောင်း ၎င်းကအကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း မဏိပူရပြည်နယ်သို့ လွှတ်တော် ကိုယ်စားလှယ်များ ၊ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly