နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဩဂုတ် ၂၀၂၂ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဩဂုတ် ၂၀၂၂ ) 

ဩဂုတ်လ ၁၀ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ  

  • ကျောင်းသား ၅၀၀ ကျော်ကို ကနဦးအစီအစဉ်ဖြင့် လက်ခံသင်ကြားပေးရန်အတွက် နွေဦးတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်တို့ အကြား သဘောတူစာချွန်လွှာကို ဩဂုတ် ၉ ရက် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က၄၇ နှစ်မြောက် ကချင်အာဇာနည်နေ့ကို သဝဏ် လွှာပေးပို့လိုက်ပြီး သဝဏ်လွှာထဲတွင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံး တည် ဆောက်သွား နိုင်ရေး ကချင်အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားညီနောင်များအတူ မဆုတ်မနစ် လက်တွဲ ကြိုးပမ်းဆောင်ရွက်မည်ဟုဖော်ပြထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရက ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးတွေ ကို လျစ်လျူရှုကာ လက်နက်အားကိုး အုပ်ချုပ်ခဲ့သည့် အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးလိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီကို အပြည့်အဝ အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်ကြောင်း ကချင်အာဇာနည်နေ့ကို သဝဏ် တွင်ဖော်ပြထားသည်။ 

  • မလေးရှားနိုင်ငံအတွင်းတွင် တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် မြန်မာအလုပ်သမားများအရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး ညှိနှိုင်းလုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်တလုံးရွာ အထက်ဘက်သို့ စစ်ကြောင်းထွက် လာသည့် အကြမ်းဖက် စစ်သားများကို ယနေ့ ဩဂုတ် ၁၀ ရက်၊ နံနက် ၄ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အရာရှိ ၃ ဦး အပါအဝင် စစ်သား ၆ ဦးထက် မနည်းသေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း Myo Hla PDF က သတင်းထုတ်ပြန်သည်။ 

  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီထွေ/အုပ်ရုံး အပါအဝင် စုပေါင်း ရုံးတွင် ယနေ့ နံနက် ၁၁ နာရီအချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံများက  ပြောဆိုသည်။ 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရမိတ်သာကျေးရွာအကြားတွင် စစ်တပ်နှင့် ဒေသကာကွယ် ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ပွဲများ ဖြစ်ပွား ပြီး စစ်တပ်ဘက်ကမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက် မနည်းသေဆုံးကာ လက်နက် ၂၅ လက်ရရှိကြောင်း သိရှိရသည်။ 

  • စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာရှိ ပြည်သူများ အကူအညီလိုအပ်နေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း မြို့သစ်မြို့နယ် ကနီရွာတွင် ဗိဿနိုး PDF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၆ ဦး တည်းခိုသည့် နေအိမ်ကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၉ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှု ဖြစ်ပွားကာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ညောင်ဦးမြို့နယ် မြောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ် ရေးမှူး ဝင်းအောင်ဌေးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ် ခံထား ရသူ သောင်းလှိုင်တို့ကို ဩဂုတ်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်တွင် ကျည် ၁၀ တောင့်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bagan Ogre Force (P.D.F) က သတင်းထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် စစ်ကောင်စီ သတင်းပေး ဒလန်နှင့် ပျူစောထီးသင်တန်းဆင်း တစ်ဦးလည်း ဖြစ်သူကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Launglone People Defence Force ) က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာသို့ ယနေ့ သြဂုတ်လ ၁၀ရက်နေ့ နံနက် ၈ နာရီ ကျော်အချိန်တွင် စစ်ကောင်စီတပ်သား ၁၀၀ခန့်လောက်မှ ဝင်ရောက်လာ ခြင်းကြောင်း ဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင် တိမ်းသွားရကြောင်း သိရသည်။ 

  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဩဂုတ်လ ၇ ရက်နေ့က KNU နှင့် စစ်ကောင်စီ တပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ရွှေကျင် ခြေမြန်တပ်ရင်း ၃၅၀ (ခ.မ.ရ-၃၅၀)၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး ဝေမျိုးအောင် ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲ ခံရသဖြင့် ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်း မြစ်များထံမှ သိရှိရ သည်။ 

  • ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလားကူးကျေးရွာသို့ ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့၌ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်တပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့နှင့် ဒေသခံမဟာမိတ် တပ်ပေါင်း စုက ခုခံတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် စစ်တပ်နှင့်ရှမ်းနီ တပ်ဖွဲ့ ၏ ပူးပေါင်း ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိသော ဆယ်ဇင်း ကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွား ကြောင်း ဒေသခံများက ပြောဆိုသည်။ 

  • ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) က တိုက်ခိုက်ရေးဒရုန်းကို တီထွင်အောင်မြင်ကြောင်း သြဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးသုံးစွဲ သူများအား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။ 

စစ်ကောင်စီ  

  • ငွေကြေးဈေးကွက်အတွင်း ဈေးကစားသည်ဟုဆိုကာ ထိန်းချုပ်ရန် နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်သည့်နေရာတွင် ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းနှင့် စပ်လျဉ်းပြီး trading Band (±) သတ်မှတ်ဆောင်ရွက်ရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ပြန်လည်ပြဌာန်းသည်။ 

  • ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်က မြို့နယ်သုံးခုတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို သုံးလစာ အတွက် မူရင်းလစာ၏ နှစ်ဆကို ခံစားခွင့် ပြုထားကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်းအတွင်း PDF များက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုကြောင့်ဟုစစ်ကောင်စီမှ လိမ်လည်ပြော ဆိုကာ မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ ခေမာသီဝံကျောင်းတိုက်သို့ ပြောင်းရွှေ့ရောက် ရှိလာသည့် ပြည်သူ များအား ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးဌာနမှ ထုတ်ပြန်သည်။ 

  • နိုင်ငံပိုင် စိုက်ပျိုးစရိတ်ချေးငွေအားဖြင့် စိုက်ပျိုးရရှိမည့် စပါးနှင့် ပဲတီစိမ်းများကို ၎င်းတို့ကိုယ်တိုင် ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလျံ ၄၀၀ ဖြင့် သီးသန့်ရန်ပုံငွေ ထူထောင်ထားကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောဆိုသည်။ 

ဩဂုတ် ၁၀ ရက် သုံးသပ်ချက် 

  • တော်လှန်ရေးအဖွဲ့များတွင် ဒရုန်းတပ်ဖွဲ့များထူထောင်လာနိုင်ခဲ့ပြီး လက်စွမ်းပြလာမှုကြောင့် စစ်ကောင်စီ အဖွဲ့များအထိနာနေသည်။CDM လုပ်လာသည့် တပ်သားများပြောဆိုချက်တွင် သေနတ်သံကြားသည်နှင့် ဒရုန်းများရောက်လာသည်ဟု ဆိုသည်။ယနေ့ရရှိသည့်သတင်းအချက် အလက်များအရ ချင်းပြည်နယ်တွင် ဒရုန်းများဖြင့် စစ်ဆင်ရေးပြုလုပ်နေပြီးဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ရင်းမှူးအဆင့် ရှိသူတစ်ဦး သေဆုံးခဲ့သည်။ 

  • ကရင်ပြည်နယ်နှင့် စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား အပြင်းအထန်တိုက်ပွဲဖြစ်နေပြီး တချို့ဒေသများတွင် စခန်းသိမ်းတိုက်ပွဲများရှိနေပြီး စစ်တပ်မှ အထိနာကာ ရဟတ်ယာဉ်များ တိုက်လေယာဉ်များ သုံးကာ တိုက်ခိုက်နေရသည်။ယင်းအပြင် လေကြောင်းမှ အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly