ထိုင်ဝမ် ‘ခွဲထွက်ရေး လှုပ်ရှားမှုများ’ကို လုံးလုံး သည်းခံမည်မဟုတ်ဟု တရုတ် သတိပေး 

ထိုင်ဝမ် ‘ခွဲထွက်ရေး လှုပ်ရှားမှုများ’ကို လုံးလုံး သည်းခံမည်မဟုတ်ဟု တရုတ် သတိပေး 

ဩဂုတ်လ ၁၀ ရက်

ထိုင်ဝမ်တွင် “ခွဲထွက်ရေး လှုပ်ရှားမှုများ” ကို လုံးလုံး သည်းခံမည်မဟုတ်ဟု တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် သတိပေးကာ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်သော ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းရလိမ့်မည်ဟု ထပ်လောင်းဆိုသည်။ 

ထိုင်ဝမ်ကို ၎င်းပိုင်အဖြစ် ရှုမြင်သော တရုတ်၏ ယခု သတိပေးချက်များသည် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ လာရောက်ခြင်းကြောင့် ထိုင်ဝမ်ပတ်လည်၌ မကြုံဖူးသော တရုတ်၏ စစ်ရေးလေ့ကျင့်မှုများ အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ကမ္ဘာ့ဇာတ်ခုံမှ ထိုင်ဝမ်ကို သီးခြား ခွဲထားရေး ကြိုးပမ်းနေသည့် တရုတ်၏ တင်းမာသော ခြိမ်းခြောက်မှုများ ရှိလင့်ကစား ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်သို့ အဆင့်မြင့်ဆုံး အမေရိကန် တာဝန်ရှိသူ လာရောက်မှုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်က ပလိုစီက လာရောက်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်၏ ထိုင်ဝမ်ရေးရာ ရုံးသည် ဗုဒ္ဓဟူးနေ့၌ ထိုင်ဝမ်နှင့် ပတ်သက်ပြီး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ 

“ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ကျယ်ပြန့်တဲ့ နေရာကို ဖန်တီးဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့မဆို ခွဲထွက်ရေး လှုပ်ရှားမှုတွေကိုတော့ နေရာထားမှာ မဟုတ်ဘူး”ဟု အဆိုပါ စက္ကူဖြူစာတမ်းတွင် ဖော်ပြသည်။ 

တရုတ်နိုင်ငံအနေဖြင့် အင်အားသုံးခြင်းကို စွန့်ပယ်လိမ့်မည် မဟုတ်သကဲ့သို့ လိုအပ်သမျှ လုပ်ငန်းစဉ်အားလုံးကို ရွေးချယ်သွားမည်ဟုလည်း ဆိုထားသည်။ 

ထိုပြင် “ခွဲထွက်ရေးဝါဒီတွေရဲ့ ရန်စမှုနဲ့ မိမိတို့ရဲ့ ကန့်သတ်မျဉ်းကို ဖြတ်ကျော်တဲ့ ပြင်ပအင်အားတွေကိုတော့ တုံ့ပြန်ရာမှာ အင်အားသုံးသွားရမှာပဲ ဖြစ်တယ်”ဟု ယင်းစာတမ်း၌ ဖော်ပြထားသည်။ 

၂၀၀၀ ခုနှစ်အတွင်းကလည်း ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်သည် စက္ကူဖြူစာတမ်း ထုတ်ပြန်ဖူးသည်။ 

၁၉၉၀ နောက်ပိုင်း ခုနှစ်များမှစပြီး ထိုင်ဝမ်သည် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးမှ အားမာန်ပါသည့် ဒီမိုကရေစီသို့ ကူးပြောင်းလာခဲ့ပြီး ထိုင်ဝမ်၏ သီးခြားရပ်တည်မှုလည်း ထွက်ပေါ်လာခဲ့သည်။ 

၂၀၁၆ တွင် ဆိုင်ယင်ဝမ် သမ္မတ ဖြစ်လာချိန်မှစပြီး နှစ်ဖက် ဆက်ဆံရေးသည် သိသိသာသာ ဆိုးဝါးလာခဲ့သည်။ 

ဆိုင်ယင်ဝမ်နှင့် ၎င်း၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီသည် ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly