ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် စစ်တပ်က မြေသိမ်းမှုအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆန့်ကျင်ကန့်ကွက်

By ANI
10 August 2022
ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် စစ်တပ်က မြေသိမ်းမှုအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆန့်ကျင်ကန့်ကွက်

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသတွင် စစ်တပ်၏ မြေသိမ်းယူမှုနှင့်ပတ်သက်ပြီး ညီညွတ်သော ကက်ရှ်မီးယား ပြည်သူ့အမျိုးသားပါတီ (UKPNP) ၏ ဥက္ကဋ္ဌ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှောကက် အလီ ကက်ရှ်မီရီက အလေးထား ထုတ်ဖော်ကန့်ကွက်လိုက်သည်။

PoK ဒေသ၌ စစ်တပ်၏ မြေသိမ်းယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည့်အပေါ် သတိပြုရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ လှုပ်ရှားသူများကို ၎င်းက တိုက်တွန်းခဲ့သည်။

မူဇာဖာရာဘတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်စောင်ကို ပူးတွဲဖော်ပြရင်း PoK ဒေသ၌ သစ်တောပြုန်းတီးမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောကြားခဲ့သည်။

“ဟီရားကော့တလီ ကျေးရွာနဲ့ မူဇာဖာရာဘတ်ခရိုင်တို့မှာ ပုဂ္ဂလိက မြေနေရာတစ်ခုနဲ့ သစ်တောမြေတစ်ခုတို့ကို စစ်ဖက်ကာကွယ်ရေး ရည်ရွယ်ချက်အတွက် ခွဲဝေသတ်မှတ်သွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပုဂ္ဂလိကမြေကွက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြေမှတ်တမ်းစာရွက်စာတမ်းကို ဆက်လက်လုပ်ဆောင်မယ့် မြေနေရာရယူမှု လုပ်ငန်းစဉ်အတွက် ၅-အေကေ တပ်ဖွဲ့ထံ ပေးထားခဲ့ပါတယ်။ ကာကွယ်ရေး ရည်ရွယ်ချက် အတွက် သစ်တောမြေကို ခွဲဝေချထားပေးတဲ့ လုပ်ငန်းစဉ်မှာတော့ သစ်တောဌာနဆီက ကန့်ကွက်မှုမရှိဆိုတဲ့ အထောက်အထားလက်မှတ် ထုတ်ပြန်ဖို့ လိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပြုထားသော မြေနှင့်ပတ်သက်ပြီး မြေတိုင်းမှုကို လုပ်ဆောင်သွားနိုင်ကြောင်းနှင့် စစ်ဖက်ကာကွယ်ရေး ရည်ရွယ်ချက်အတွက် မြေခွဲဝေသတ်မှတ်မှုအပေါ် ကန့်ကွက်မှုမရှိ အထောက်အထားစာရွက်ကို ထုတ်ပေး နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံ ဖော်ပြသည်။

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားဒေသတွင် အလျင်အမြန် ဆိုးဝါးလာနေသော လူ့အခွင့်အရေး အခြေအနေအပေါ် ကြားဝင်ကူညီဆောင်ရွက်ပေးရေး ကက်ရှ်မီးယား တက်ကြွလှုပ်ရှားသူအချို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required