ပါကစ္စတန်တွင် ယခုနပထမနှစ်ဝက်အတွင်း လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် စစ်သွေးကြွ တိုက်ခိုက်မှု ရာချီ ဖြစ်ပွား

By ANI
10 August 2022
ပါကစ္စတန်တွင် ယခုနပထမနှစ်ဝက်အတွင်း လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် စစ်သွေးကြွ တိုက်ခိုက်မှု ရာချီ ဖြစ်ပွား
Photo: EPA

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ် ၂၀၂၂ ခုနှစ်၏ ပထမ ၆ လတာအတွင်း လုံခြုံရေးတပ်ဖွဲ့များအပေါ် စစ်သွေးကြွ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၄၃၄ ခုအထိ ဖြစ်ပွားခဲ့ကြောင်းကို ပါလီမန်လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာ တစ်ရပ်ကို ကိုးကားပြီး The Express Tribune မီဒီယာက ဇူလိုင် ၃၀ ရက်တွင် ဖော်ပြသည်။

အဆိုပါ စစ်သွေးကြွတိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၂၃ ဦးထက်မနည်း သေဆုံးပြီး အခြားလူပေါင်း ၇၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပါကစ္စတန်အထက်လွှတ်တော်၌ ပြည်ထဲရေး

ဝန်ကြီးဌာနက တင်သွင်းသော အသေးစိတ်အချက်အလက်များကို ကိုးကားပြီး The Express Tribune က ဖော်ပြသည်။

နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဖြစ်စဉ် အများဆုံး ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၄၇ ခု အထိ ဖြစ်ပွားခဲ့သည်။

ဒုတိယအများဆုံးအဖြစ် ဘာလိုချီစတန်ပြည်နယ်တွင် စစ်သွေးကြွတိုက်ခိုက်မှုဖြစ်စဉ် ၁၇၁ ခု ဖြစ်ပွားခဲ့သည်။ ဆင်းဒ်ပြည်နယ်တွင် ထိုကဲ့သို့သော တိုက်ခိုက်မှုဖြစ်စဉ် ၁၂ ခု ဖြစ်ပွားခဲ့ပြီး ပန်ဂျပ်ပြည်နယ်တွင် စစ်သွေးကြွ တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ခဲ့သည်။

ပါကစ္စတန်၏ မြို့တော် အစ္စလမ်မာဘတ်တွင်မူ ထိုကဲ့သို့သော စစ်သွေးကြွတိုက်ခိုက်မှုဖြစ်စဉ် သုံးခု ဖြစ်ပွားခဲ့သည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုနှင့် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှု အန္တရာယ်က မြင့်မားလျက် ရှိကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly