ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက သူ၏ပါတီဝင်များ အကျင့်ပျက်ခြစားမှုကို မသိကျိုးကျွန်ပြုခဲ့ကြောင်း စွပ်စွဲခံရ

By ANI
10 August 2022
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက သူ၏ပါတီဝင်များ အကျင့်ပျက်ခြစားမှုကို မသိကျိုးကျွန်ပြုခဲ့ကြောင်း စွပ်စွဲခံရ
Photo: EPA

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှုကို ရယူခဲ့သည်ဆိုသည့် အမှုကိစ္စ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် ပါတီခေါင်းဆောင် အီမရန်ခန်းသည် ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့၏ အဂတိလိုက်စားမှုများအပေါ် လျစ်လျူရှုထားခဲ့သည်ဟု စွပ်စွဲခံနေရသည်။

ပါတီသည် တားမြစ်ထားသော တရားမဝင် ရန်ပုံငွေများ လက်ခံရယူထားခဲ့ကြောင်း ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင် (ECP) က ဩဂုတ် ၂ ရက်တွင် ချမှတ်သည့် “တားမြစ်ပိတ်ပင်ထားသော ငွေကြေးထောက်ပံ့မှု” ကိစ္စဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်တွင် ပြောခဲ့သလို ယခုကိစ္စနှင့်ပတ်သက်ပြီး PTI ပါတီဘက်မှ ဖြေရှင်းချက် ပေးရေး သတိပေးချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ရန်ပုံငွေရယူမှုအဖြစ် ပြည်ပနိုင်ငံပေါင်း ၃၄ နိုင်ငံမှ ငွေလှူဒါန်းမှုများကို PTI ပါတီက ရယူထားခဲ့သည်ကို ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုနိုင်ငံများထဲတွင် အမေရိကန်၊ ဩစတြေးလျနှင့် ယူအေအီးတို့လည်း ပါဝင်ကြောင်း Geo News က ဖော်ပြသည်။ ထို့ပြင် PTI ပါတီသည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ ငွေများကို ရယူထားခဲ့ကြောင်း ECP က ပြောသည်။

စုံစမ်းစစ်ဆေးမှုများအရ “အမည် မသအကောင့်များ” ကို ECP က တွေ့ရှိခဲ့ရာတွင် အဆိုပါ ဖုံးကွယ်ထားသော အကောင့်များက “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်မှု” တစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။ လက်ခံရယူထားခဲ့သော ရန်ပုံငွေများကို ကော်မရှင်အနေဖြင့် မည်သည့်အတွက်ကြောင့် မသိမ်းယူသင့်ကြောင်းကို ရှင်းလင်းချက်ပေးရန် PTI ထံ အကြောင်းကြားစာ ထုတ်ပြန်ရန် ECP က ဆုံးဖြတ်ခဲ့သည်။

၂၀၁၄ ခုနှစ်က ပြည်ပငွေကြေးထောက်ပံ့မှု ကိစ္စကို တိုင်ချက်ဖွင့်ခဲ့သော PTI ၏ တည်ထောင်သူ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အက်ခ်ဘာ အက်စ် ဘာဘာသည် သတင်းဖွင့်ချသူ ဖြစ်ခဲ့သည့်အတွက် ပါတီဝင်အဖြစ်မှ တားမြစ် ပိတ်ပင်ခံခဲ့ရကြောင်း The News International သတင်းစာတွင် ရေးသားနေသည့် ဖက်ခါ ဒါရန်နီက ပြောသည်။

The News က ကြည့်ခွင့်ရခဲ့သည့် အီမရန်ခန်းနှင့် ဘာဘာတို့ အကြား အပြန်အလှန် ပေးပို့ခဲ့သည့် အီးမေးလ်များ အရ အီမရန်ခန်းသည် ၎င်း၏ ထိပ်တန်းပါတီခေါင်းဆောင်အချို့၏ အမှားများကို သိရှိပြီးနောက် စွပ်စွဲချက်များကို

မသိကျိုးကျွန်ပြုခဲ့ကြောင်းနှင့် ဘာဘာကိုလည်း လုပ်ဖော်ကိုင်ဖက် ပါတီဝင်များ၏ ယုံကြည်မှုကို ရယူနိုင်ရန်နှင့် ပါတီကို အားကောင်းစေရေး လုပ်ဆောင်ရန် နိုင်ငံရေးနည်းလမ်းတစ်ခုဖြင့် အမှန်တရားကို ပြောဆိုရန် အီးမေးလ် ထဲတွင် ခန်းက အကြံပြုခဲ့ကြောင်းကို ဖော်ပြလျက် ရှိကြောင်း ဒါရန်နီက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required