ကလေးမြို့ ရာဇဂြိုလ်ကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များဖောက်ထွင်းပြီး ကျပ်သိန်း ၁၄၀ ကျော် လုယူ

ကလေးမြို့ ရာဇဂြိုလ်ကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များဖောက်ထွင်းပြီး ကျပ်သိန်း ၁၄၀ ကျော် လုယူ

ဩဂုတ် ၉

မဇ္ဈိမ ။  ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများခိုးယူပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် ရာဇဂြိုလ်ကျေးရွာတွင် ဩဂုတ်လ ၅ ရက်နေ့မှ  ဩဂုတ်လ ၇ ရက် နေ့ နံနက်အစောပိုင်းအထိ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များဖောက်ထွင်းကာ အိမ်ထောင်စုတစ်ခု၏ ကျပ်ငွေ  ၄,၉၀၅,၀၀၀ ကျပ်ကိုလည်းကောင်း၊ အခြားအိမ်ထောင်စုတစ်ခု၏ ကျပ်သိန်းပေါင်း ၉,၈၀၀,၀၀၀ ကျပ်နှင့် ရွှေဆွဲကြိုးမတ်သားကိုလည်းကောင်း၊ နောက်ထပ်အိမ်ထောင်စုတစ်ခု၌ ကျပ်ငွေ ၃၀,၀၀၀ ကျပ် ကိုလည်းကောင်း အသီးသီးလုယူသွားကြောင်း သိရသည်။


ထို့ပြင် အကြမ်းဖက်စီကောင်စီတပ်များသည် အခြားအိမ်ခြေ ၂၀၀ ကျော်တို့၏ အဖိုးတန်ပစ္စည်းများ၊ ငွေများကိုလည်း ရက်စက်ယုတ်မာစွာ လုယက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ စုစုပေါင်းတန်ဖိုး အတိအကျ မသိရသေးကြောင်း ဒေသခံများကဆိုသည်။

''သြဂုတ် ၅ ရက်နေ့က ရောက်လာခဲ့ကြတဲ့ စစ်ခွေးတွေက ရွာကနေစွန့်ခွာပြီး နေ့လည်ပိုင်းမှာ နောက်ထပ် တပ်ရင်းတစ်ရင်း ရောက်လာတယ်။ ရွာထဲကိုရောက်လာတဲ့ စစ်ခွေးတွေအကုန်လုံးက အိမ်တွေဖောက် ထွင်း၊ တန်ဖိုးရှိတဲ့ ပစ္စည်းတန်ဆာပလာတွေ ခိုးယူတယ်။  ခိုးယူခဲ့တဲ့ပစ္စည်းတွေကို ၁၂ ဘီးကားနဲ့ သယ် ဆောင်သွားကြတယ်။ မီးရှို့ခံရတဲ့အိမ်ကတော့ ခြောက်လုံးလောက်ရှိတယ်လို့ အတည်ပြုထားတယ်''ဟု ရာဇဂြိုလ်ဒေသခံတစ်ဦးက ပြောသည်။


တမူးမြို့မှ ကလေးမြို့ဘက်သို့ မိုင်းရှင်းရန်ဆင်းလာသည့် ယာဉ် ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား  ဩဂုတ်လ ၄ ရက်တွင် တမူး- ကလေးလမ်းပေါ်ရှိ ရာဇဂြိုလ်နှင့်  ၅၅မိုင် ရွာအနီးတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang  နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ  စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၅၀ သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း CDF–TonZang က ထုတ်ပြန်ထားသည်။
ထိုသို့ ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၅ရက် နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် ရာဇဂြိုလ်မြို့သို့ ဝင်ရောက်၍ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ရာဇဂြိုလ်မြို့တွင် အိမ်ခြေ ၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ရာဇဂြိုလ်တွင် တပ်စွဲရန်အင်အားဖြည့်တင်းလျှက်ရှိပြီး ရွာသားများမှာ အနီးအနားရှိရွာများတွင် စစ်ဘေးရှောင်နေရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စာတည်း ။ ။ စောဖေ
စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#နေအိမ်များဖောက်ထွင်း
#CDF–TonZang

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly