တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

By ကိုရွှေမြိတ်
09 August 2022
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းကျေးရွာ၌ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ မြိတ်အခြေစိုက် ခလရ တပ်ရင်း(၁၇)နှင့်(၁၀၁) သို့ပြန်လာသော အင်အား ၇၀ နီးပါးရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် သိန္ဒောကျေးရွာအုပ်စုဖက်မှ တကူကျေးရွာအုပ်စု ကိုးအင်းကျေးရွာသို့ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်ရောက်ရှိစဉ် ဘက်မလိုက်ပြောက်ကျားအဖွဲနှင့် SWDF အဖွဲ့ မဟာမိတ်တပ်ပေါင်း စုများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်တပ်ဖက်က သူတို့ ကို မပစ်ဖို့နဲ့ တိုက်ပွဲတိုက်ဖို့လာတာမဟုတ်ဘူး တပ်ရင်းကိုပြန်ဖို့လာတာဖြစ်တယ်ဆိုပြီး လှမ်းအော်တာ ကြားလိုက်တယ်”ဟု ပြောသည်။ ထိုသို့ စစ်ကောင်စီတပ်သားများ အော်ဟစ်တောင်းဆိုခဲ့သော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေရာမှ စစ်ကောင်စီတပ်က ၆၀ မမဖြင့်အချက် ၅၀ နီးပါးပစ်ခတ်ခဲ့ရာ အပြန်လှန်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း တပ်ဆုတ်ခွာချိန်တွင် ကော်တောနှင့် သမီးလှရွာတို့ရှိ ဒေသခံပြည်သူ ၁၀၀ နီးပါးကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ်ပြုလုပ်၍ ဆုတ်ခွာခဲ့ပြီး နောက် သမီးလှရွာတံတားအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှသိရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဘန်လင်ရွာ အရောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ မှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ တပ်ဆုတ်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်း ရေးပြုလုပ်ရာ စစ်ကောင်စီတပ်မှကျန်ခဲ့သည့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ စာတည်း။ ။ ဖူးသိမ်ကျ စာမူတည်းဖြတ် ။ ။ စောဖေ #တနင်္သာရီတိုင်း #မြိတ်ခရိုင် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly