မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပါပစ်ခတ်၍ ဆိုင်ကယ်စီးသူ ၂ ဦး သေဆုံး

By 007
08 August 2022
မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပါပစ်ခတ်၍ ဆိုင်ကယ်စီးသူ ၂ ဦး သေဆုံး

မန္တလေး(မဇ္စျိမ)။ ။

မန္တလေးမြို့တွင် ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် နှစ်ဦးလုံးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ဆိုင်ကယ်တားတာကို မရပ်ပေးလို့ဆိုပြီး နောက်ကနေ ကားနဲ့လိုက်တိုက်ပြီးပစ်တာ၊ တစ်ယောက်က ဆိုင်ကယ်မောင်းနေရင်းထိတယ်၊ နောက်တစ်ယောက်က ဆိုင်ကယ်ထားပြီး ကိုယ်လွတ်ရုန်းထွက်ပြေးရ တယ်” ဟု အခင်းဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူက ပြောသည်။

သြဂုတ် ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အမည်မသိလူနှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် ၈၂ လမ်းထောင့်အနီးအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် နောက်မှလိုက်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထွက်ပြေးသွားတဲ့တစ်ယောက်က ၈၂ လမ်း၊ ၁၆ နဲ့ ၁၇ ကြားက အိမ်တစ်အိမ်ထဲ၀င်ဖို့လုပ်နေတုန်း နောက်ကလိုက်လာတဲ့ စစ်သားတွေက လှမ်းပစ်လို့ အဲဒီနေရာမှာတင်သေတာပါပဲ၊ အဲဒီတစ်ယောက်က အိမ်တော်ရာဘုရား မြောက်ဘက်နေတဲ့သူ၊ နောက်တစ်ယောက်တော့ ဘယ်သူမှန်းမသိရသေးဘူး” ဟု ယနေ့အထိ ဆန္ဒပြသပိတ်စစ်ကြောင်းများတွင်ပါ၀င်သူ မဇ္စျိမ၏သတင်းရင်းမြစ်က ပြောသည်။

မည်သည့်အတွက် လိုက်လံပစ်ခတ်ခြင်းဖြစ်ကြောင်း မဇ္စျိမအနေနှင့်စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းတွင်မူ ဆန္ဒပြရန်လူစုနေစဉ် လိုက်လံပစ်ခတ်ဖမ်းဆီး ခြင်းဖြစ်ကြောင်း ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

ပုံစာ။ ။မန္တလေးတွင် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုတို့ရှိနေသော်လည်း ဆန္ဒပြပွဲများနှင့်ဖောက်ခွဲတိုက်ခိုက်မှုတို့ မပြတ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

#မန္တလေး

#အောင်မြေသာဇံမြို့နယ်

#ဆိုင်ကယ်

#စစ်ကောင်စီတပ်

#ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly