ပါကစ္စတန်၌ အုပ်စုဖွဲ့အကြမ်းဖက်မှုများ မြင့်တက်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးကော်မရှင် ထုတ်ဖော်

ပါကစ္စတန်၌ အုပ်စုဖွဲ့အကြမ်းဖက်မှုများ မြင့်တက်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးကော်မရှင် ထုတ်ဖော်

ပါကစ္စတန်နိုင်ငံတွင် လူအုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေခြင်းအပေါ် အလွန်တရာ စိုးရိမ် ပူပန်ကြောင်း ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) က ဇူလိုင် ၂၄ ရက်တွင် ထုတ်ဖော် ပြောကြား လိုက် သည်။ များမကြာမီက ကရာချိမြို့၌ လုယက်မှု သံသယဖြင့် အမျိုးသားတစ်ဦးကို လူအုပ်စုတစ်စုက ဝိုင်းဝန်း ရိုက်နှက်ပြီး ပစ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုကို HRCP က ရည်ညွှန်းပြောဆိုခဲ့သည်။

“နိုင်ငံမှာ လူအုပ်စုက ဦးဆောင်ပြီး အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ မြင့်တက်လာနေတယ်လို့ ထင်ရတဲ့ အခြေအနေ အပေါ် ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တုန်လှုပ် ချောက်ချားမိပါတယ်။ သိပ်မကြာခင်ကမှ ဖြစ်သွား တဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် ကရာချိမှာ လုယက်မှုနဲ့ သံသယရှိတဲ့ လူတစ်ယောက်ကို လူအုပ်စုတစ်စုက ရိုက်နှက်ပြီး ပစ်သတ်ခဲ့ပါတယ်” ဟု HRCP က တွစ်တာတွင် ရေးသည်။

“ဒါဟာ လူ့အဖွဲ့အစည်းအတွင်း အကြင်နာတရားကင်းမဲ့မှုတွေ များလာတာနဲ့ လက်နက်တွေ အလွယ်တကူ ရရှိနေတာတို့ကို ပြသနေတဲ့ လက္ခဏာရပ်တစ်ခု ဖြစ်သလို တရားဥပဒေ စိုးမိုးမှုအပေါ် လူတွေ အမှန်အတိုင်း သိမြင်လာတာနဲ့ ဆင်းရဲနွမ်းပါးမှု မြင့်တက်နေတာတို့ကလည်း ကျောထောက်နောက်ခံပြုနေပါတယ်” ဟု HRCP က တွစ်တာတွင် ရေးသည်။

ရှေ့ကာလတွင် ထိုကဲ့သို့သော ဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်သင်ကြားပေးထားသော အမှုထမ်းများကို မဟာဗျူဟာကျ တပ်ဖြန့်ခြင်း အပါအဝင် ဖက်ဒရယ်နှင့် ပြည်နယ် အစိုးရများအနေဖြင့် အထူးအစီအမံများ လုပ်ဆောင်သွားသင့်ကြောင်း HRCP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထူးသဖြင့် ပါကစ္စတန်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း လူအုပ်ဖြင့် တရားလက်လွတ် စစ်ဆေး သတ်ဖြတ်မှု ဖြစ်စဉ်များက စိုးရိမ်စရာကောင်းသော နှုန်းတစ်ခုဖြင့် မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly