အာဖဂန်မှ ရွှေ့ပြောင်းဝင်ရောက်သူများကို တူရကီက ပြန်နှင်ထုတ်

အာဖဂန်မှ ရွှေ့ပြောင်းဝင်ရောက်သူများကို တူရကီက ပြန်နှင်ထုတ်

တူရကီ အာဏာပိုင်တို့သည် ရွှေ့ပြောင်းနေထိုင်သူများကို အတင်းအကျပ် ပြည်နှင်ဒဏ်ပေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အထောက်အထားမဲ့ အာဖဂန် ရွှေ့ပြောင်းဝင်ရောက်သူ ၂၁၅ ဦးကိုလည်း ဇူလိုင်၂၅ ရက်တွင် လေယာဉ်ခရီးစဉ်အချို့ဖြင့် အစ္စတန်ဘူလ်မှ ကဘူးလ်သို့ ပြန်ပို့ရန် စီစဉ်ခဲ့သည်။

လက်ရှိတွင် အာဖဂန်မြေသို့ ပြန်ရရန် စောင့်ဆိုင်းနေရသော တရားမဝင် ရွှေ့ပြောင်းများကို အီဒါးနီမြို့မှ တူရကီ အနောက်မြောက်ပိုင်း အစ္စတန်ဘူလ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း တူရကီ နိုင်ငံပိုင်သတင်းဌာန Anatolian Agency ကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

၂၀၂၂ ခုနှစ် နှစ်စပိုင်းနောက်ပိုင်း တူရကီ အာဏာပိုင်တို့သည် အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၂၈၀၀၀ နီးပါးကို တူရကီမှ ပြန်လည်နှင်ထုတ်ထားခဲ့ရာ အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း ၇၀ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်း တူရကီ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ စီမံခန့်ခွဲမှု ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သော အစီရင်ခံစာများက ဖော်ပြသည်။

ဇန်နဝါရီလ ၂၇ ရက်မှစပြီး အာဖဂန်နစ္စတန်သို့ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲပြီးနောက်ပိုင်း တူရကီ အာဏာပိုင်တို့သည် အာဖဂန် နိုင်ငံသား ၁၈၂၅၆ ဦးကို အာဖဂန်နစ္စတန်သို့ ပြန်ပို့ထားခဲ့ကြောင်း တူရကီ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။

ပုံမှန်မဟုတ်သော ရွှေ့ပြောင်းများသည် နိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြပြီး ဗီဇာနှင့် နေထိုင်ခွင့် ဥပဒေများကို ချိုးဖောက်ကာ ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ကြရင်း လိမ်လည်မှုများတွင် ပါဝင်ခြင်းဖြင့် အများပြည်သူ ဘေးကင်း လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ကြောင်း တူရကီ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ စီမံခန့်ခွဲမှု ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly