ရန်ကုန် မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု ထိခိုက် ဒဏ်ရာရရှိသူများရှိ

ရန်ကုန် မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု ထိခိုက် ဒဏ်ရာရရှိသူများရှိ

ဇူလိုင် ၃၀

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမတည်ရှိရာနေရာအနီး၌ ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပေါက်ကွဲမှုနှင့် နီးစပ်သည့်နေရာတွင်ရှိသော ပြည်သူတစ်ဦးက ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြား သည်။

“မြို့တော်ခန်းမ စည်ပင်ဝင်ပေါက်ဘက် အခြမ်းမှာ ပေါက်တာပါ။ မြို့တော်ခန်းမ တစ်ဝိုက်က လူဝင် ထွက် သွားလာတာ လုပ်လို့မရအောင်ကာ ထားတာတွေရှိပါတယ်။ အဲ့နားမှာ အစောင့်အကြပ်တွေ ရှိမရှိကတော့ သေချာမသိဘူး။ အခု ဗုံးပေါက်တော့ သူတို့(စစ်ကောင်စီတပ်)ရောက်လာကြပါတယ်။ ဒဏ်ရာရတဲ့သူရှိပါတယ်။ နှစ် ယောက် သုံး ယောက်လောက်တွေ့တယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူနာတင်ကား သုံးစီးရောက်ရှိလာပြီး စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များလည်း ရောက်ရှိ၍ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

ထို့နောက် စစ်ကောင်စီတပ်သည် ၃၇ လမ်း အောက်ဘလောက်တွင် လူငယ်နှစ်ဦးကို ဖမ်းဆီး၍ စစ်ကားအသေးပေါ်တွင် စစ်ကောင်စီတပ်သားများက ၎င်းလူငယ်များအား သေနတ်ဒင်ဖြင့် ထုနှက်နေခြင်းများရှိကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကာ လူအင်အား ရာချီပါဝင်သည့် စစ်ကောင်စီ၏ သေဒဏ်စီရင်မှု ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ထောက်ခံပွဲကို စစ်ကောင်စီတပ်က လုံခြုံရေးအပြည့် ယူကာ စောင့်ကြပ်ပေးခဲ့သည်။

#Mizzima

#ရန်ကုန်

#မြို့တော်ခန်းမ

#ဗုံးပေါက်ကွဲ

#ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required