မြန်အောင်မြို့က မြို့နယ်ရဲစခန်းမှူးကို ၁ ရက်လျှင် ငွေ၂ သိန်းပေး၍ လောင်းကစားဝိုင်းများ ပြုလုပ်နေဟုဆို

မြန်အောင်မြို့က မြို့နယ်ရဲစခန်းမှူးကို ၁ ရက်လျှင် ငွေ၂ သိန်းပေး၍ လောင်းကစားဝိုင်းများ ပြုလုပ်နေဟုဆို

ဇူလိုင် ၃၀

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် မြို့နယ်ရဲစခန်းမှူးကို လောင်းကစားဝိုင်းများ ပြုလုပ်ရန်အတွက် တစ်ရက် ငွေကျပ် ၂၀၀,၀၀၀ ပေးကာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် စစ်အာဏာသိမ်းယူပြီး ၂၀၂၂ ခုနှစ် မတ်လမှ စတင်ကာပြုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာနေ ရာအိမ်မှူး ညီထွေးဆိုသူက ဦးဆောင်ကာ တောထဲတစ်နေရာတွင် အိမ်တစ်လုံးဆောက်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း အင်ပင်ဒေသခံတစ်ဦးက ပြောသည်။

"အဲ့ဒီလောင်းကစားဝိုင်းတွေက နေ့စဉ်မပျက်လုပ်လာတာ အခုဆို ငါးလလောက်ရှိပြီ။ နယ်ထိန်း မြင့်ခိုင်နဲ့ အပိုင်ပေါင်းပြီး စခန်းမှူးကို တစ်ရက် ၂၀၀,၀၀၀ ပေးပြီး လုပ်နေကြတာပါ။ဒေသခံတွေက ခိုးဆိုးလုနှိုက်တွေများလာပြီး လုယက်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြတယ်"ဟု ၎င်းကဆိုသည်။

၎င်းအပြင် ငှက်ကြီးကွင်းကျေးရွာ တောတွင်းတစ်နေရာတွင်ပြု လုပ်ထားသည့် အဆိုပါလောင်းကစားဝိုင်း၌ အရက်၊ဘီယာ မျိုးစုံကိုလည်း ရောင်းချနေကြောင်း ဒေသခံက ဆက်လက်ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်ခြင်းများရှိနေပြီး အချို့မြို့နယ်များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့်ရဲများ ကိုယ်တိုင်ဦးဆောင်ကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

#Mizzima

#ဧရာဝတီတိုင်း

#မြန်အောင်မြို့နယ်

#စခန်းမှူး

#လောင်းကစားဝိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly