ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် ပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် ပေါက်ကွဲမှုများဖြစ်ပွား

ဇူလိုင် ၃၀

လွန်ခဲ့သည့် နှစ်ရက်ခန့်က မြို့နယ်အချို့၏ ရပ်ကွက်များတွင် ညမထွက်ရအမိန့် အချိန်တိုးမြှင့်ထားကြောင်း သတင်းများထွက်ပေါ်ထားသော်လည်း ရန်ကုန်မြို့၏ ညအချိန်ခါမှာ ပေါက်ကွဲသံများကြားရပြီး ပစ်ခတ်သံများပါ ထွက်ပေါ်သည့် နေရာများလည်းရှိကြောင်း ပြည်သူများ၏ သတင်းပေးမှုအရ သည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ညက မြောက်ဒဂုံ၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်နှင့် လှိုင်မြို့နယ်တို့တွင် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး တချို့နေရာများတွင် စစ်ကောင်စီတပ်များ၏ လုံခြုံရေးကင်းလှည့်ခြင်းနှင့် ဒရုန်းသုံးကာ မြေပြင်အခြေအနေစောင့်ကြည့်ခြင်းတို့ပါ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

မြောက်ဒဂုံ မြို့နယ်တွင် ၇ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့် ပေါက်ကွဲသံ တစ်ကြိမ်၊ ၈ နာရီ ၃၆ မိနစ်မှာ တစ်ကြိမ်နှင့် ၁၀ နာရီနှင့် ၁၁ နာရီဝန်းကျင်မှာ နောက်ထပ် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံ၏ ပြောပြချက်အရသိရသည်။

စမ်းချောင်း ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲအဆောက်အဦတွင်လည်း ည ၁၁ နာရီ ခန့်က ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“အချိန်က မိနစ်ပိုင်းပဲခြားတယ်၊ နှစ်လုံးဆက်ပေါက်တာ၊ အဲ့နားတစ်ဝိုက်စစ်ဆေးတာတော့မရှိဘူးသိရတယ်၊ ဟုမ်းလမ်း လမ်းသွယ် တစ်ခုထဲတော့ စကစတွေဝင်တာ အင်အားများတယ်လို့ပြောပါတယ်။” ဟု စမ်းချောင်းမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

အင်းစိန်မြို့နယ်တွင်လည်း ည ၈ နာရီ ၃၀ မိနစ်က တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ည ၁၁ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံ သုံးချက်ထွက်ပေါ်ပြီးနောက် ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ည ၁၁ နာရီဝန်းကျင်တွင် ဗဟန်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုများအသီးသီးဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#ရန်ကုန်

#ပေါက်ကွဲမှုများ

#မြောက်ဒဂုံ

#စမ်းချောင်း

#ဗဟန်း

#မရမ်းကုန်း

#လှိုင်သာယာ

#အင်းစိန်

#လှိုင်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly