ကျောက်ဖြူတွင် အထက်ရဲအရာရှိကို ရဲတပ်သားက ပစ်သတ်ပြီး လက်နက်ယူကာ ထွက်ပြေး

ကျောက်ဖြူတွင် အထက်ရဲအရာရှိကို ရဲတပ်သားက ပစ်သတ်ပြီး လက်နက်ယူကာ ထွက်ပြေး

ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းဇော်ဌေးကို ၎င်း၏လက်အောက်ဝန်ထမ်း ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့် ပစ်သတ်ပြီး လက်နက်ခဲယမ်းတချို့ ယူဆောင်ကာ ထွက်ပြေးသွားကြောင်း ကျောက်ဖြူဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ အဖြစ်အပျက်သည် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်မှူး အပြောင်းအလဲရှိသည့်အတွက် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ညပိုင်းတွင် ရဲစခန်းအတွင်း နှုတ်ဆက်ပွဲပြုလုပ်နေစဉ် ရဲအုပ် အုန်းဇော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့် အနည်းဆုံး ၁၀ ချက်ထက်မနည်း ပစ်သတ်လိုက်ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“သူက တာဝန်အရ ခိုင်းတာတွေအပြင် တာဝန်နဲ့ မဆိုင်တာတွေကို ခိုင်းတာလည်းရှိတယ်၊ ပြီးတော့ သူ့နဲ့ စကားများပြီးတော့ ရိုက်နှက်တာတွေရှိတယ်လို့ ပြောတယ်၊ အဲဒါကြောင့် ပစ်သတ်လိုက်တာလို့ သိရတယ်” ဟု ကျောက်ဖြူမြို့ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါရဲတပ်သားသည် အထက်အရာရှိကို ပစ်သတ်ပြီးနောက် လက်နက်နှင့် ခဲယမ်းတချို့ ယူဆောင်ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက ကျောက်ဖြူမြို့ လမ်းဆုံ၊ လမ်းခွများကို ပိတ်ဆို့ပြီး အပူတပြင်း လိုက်လံရှာဖွေနေကြကြောင်းလည်း ဒေသခံက ပြောသည်။

ယင်းအပြင် မြို့အနှံ့တွင် စစ်ကား၊ ရဲကားများဖြင့် လုံခြုံရေးအများအပြား ချထားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေချိန် ရဲအချင်းချင်းပစ်သတ်မှုဖြစ်ပြီး လက်နက်ယူဆောင်ကာ ထွက်ပြေးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

#mizzima

#ရခိုင်ပြည်နယ်

#မြို့မရဲစခန်း

#ကျောက်ဖြူမြို့

#AA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly