ဝူဟန်မြို့ပင်လယ်စာဈေးက ကိုဗစ်-၁၉ ဖြစ်ပွားရခြင်း၏ ဇာစ်မြစ်ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိ

ဝူဟန်မြို့ပင်လယ်စာဈေးက ကိုဗစ်-၁၉ ဖြစ်ပွားရခြင်း၏ ဇာစ်မြစ်ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိ

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ပင်လယ်စာနှင့် တောရိုင်တိစ္ဆာန်များရောင်းချသည့် ဟွာနန်ဈေးသည် ယခုအချိန်ထိ လူပေါင်း ၆ သန်းကျော်ကို သေဆုံးစေခဲ့သည့် ကိုဗစ်-၁၉ ဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်နိုင်ကြောင်း ပိုမိုသေချာစေ သည့် သက်သေများ ထပ်မံ ပေါ်ထွက်လာပြီဖြစ်သည်။

ပညာရှင်များစွာ ဆန်းစစ်ဝေဖန်ထားသည့် လေ့လာမှုများသည် မတူညီသောလေ့လာမှုများရှိသော်လည်း ဝူဟန်ရှိ ဟွာနန်ပင်လယ်စာဈေးသည် ကိုရိုနာဗိုင်းရပ်စ်၏ ဗဟိုချက်အဖြစ်နိုင်ဆုံးဖြစ်သည်ဟူသော တူညီသည့် ရလဒ်များ ထွက်ပေါ်လာသည်။

အစောဆုံးဖြစ်ပွားသည့် ကူးစက်မှုများသည် ဝူဟန်ဈေးဝန်းကျင်တွင် အစုအလိုက်အပြုံလိုက်ဖြစ်ပွားခဲ့ကြောင်း ကနဦး လေ့လာမှု၌ ဖော်ပြခဲ့သည်။

အစောပိုင်းက ဝူဟန်မြို့၌ ကိုဗစ်-၁၉ ကူးစက်မှုများဖြစ်ပွားစဉ် ယန်ဇီမြစ်အနောက်ဘက်ကမ်းအနီး ဝူဟန်မြို့ လယ်၌ အစုလိုက်ကူးစက်မှုအများအပြားတွေ့ရှိရပြီး ဟွာနန်ဈေးဝန်းကျင်နှင့်အနီးပတ်ဝန်းကျင်၌ ရောဂါကူးစက်မှု သိပ်သည်းကြောင်း လေ့လာမှု၌ ဖော်ပြထားသည်။

ဒုတိယလေ့လာမှုသည် ကိုဗစ်ဖြစ်ပွားချိန်ကို ခြေရာခံရန် မျိုးရိုးဗီဇအချက်အလက်များကို အသုံးပြုထားပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းတွင် လူသို့ ကူးစက်သည့် ဗီဇမျိုးကွဲ ၂ ခုရှိခဲ့သည်ဟု ပြောသည်။

ပထမဆုံးအနေဖြင့် တိရစ္ဆာန်မှ လူသို့ ကူးစက်မှုသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ဖွယ်ရှိပြီး မျိုးဗီဇနွယ် lineage B မှ ကူးစက်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သလို သုတေသီများက ဟွာနန်ဈေးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသော လူများတွင်သာ ၎င်း မျိုးဗီဇနွယ် lineage B ရှိကြောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

SARS-CoV-2 ဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမတိုင်ခင်ကတည်းက လူသားများတွင် ကျယ်ကျယ် ပြန့်ပြန့်ကူးစက်သည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ယခု တွေ့ရှိချက်များက ပြသနေပြီး SARS-CoV-2 ဗိုင်းရပ်စ်က လူသားများကို စတင်ကူးစက်ချိန်နှင့် ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအကြောင်း စတင် ထုတ်ပြန်ချိန်အကြား ကာလမှာ သိပ်မကွာလှကြောင်း ပေါ်လွင်သည်။

တခြားကိုရိုနာဗိုင်းရပ်စ်များကဲ့သို့ပင် SARS-CoV-2 ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ကူးစက်သောဖြစ်ရပ်များမှ ဖြစ်ပေါ်လာဖွယ်ရှိသည်။

မတူညီသောလမ်းကြောင်းဖြင့် လေ့လာခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် နှောင်းပိုင်း ဟွာနန်ဈေး၌ ရောင်းချခဲ့သော သက်ရှိနို့တိုက်သတ္တဝါများတွင် SARS-CoV-2 ဗိုင်းရပ်စ် ပါရှိနေကြောင်း လေ့လာမှု ၂ ရပ်စလုံးက သက်သေ ပြနေသည်။

သိပ္ပံပညာရှင်များအနေဖြင့် ဓာတ်ခွဲခန်းယိုစိမ့်မှုအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဖြစ်နိုင်သမျှ ဇာစ်မြစ်များ ဆက်လက်သုတေသနပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုပြီးနောက် ၁ လအကြာ၌ ပညာရှင် များစွာသုံးသပ်ထားသော သုတေသန ၂ခု၏ ရလဒ်များထုတ်ပြန်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly