ပြင်ပတွင် ဒေါ်လာစျေး ၂၈၀၀ အထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူများနေ

ပြင်ပတွင် ဒေါ်လာစျေး ၂၈၀၀ အထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူများနေ

ဇူလိုင်လ ၂၉ ရက်

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်နှုန်းသတ်မှတ်ထားသော်လည်း ပြင်ပတွင် ဒေါ်လာစျေး ၂,၈၀၀ အထိ စံချိန်တင်မြင့်တက်နေပြီး ဝယ်ယူသူများရှိနေကြောင်း သိရသည်။

ထို့အပြင် ရက်ပိုင်းအတွင်း ဒေါ်လာဈေး ၃,၀၀၀ ဝန်းကျင်အထိတက်နိုင်ကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများမှ ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

ပြင်ပတွင် ဒေါ်လာဈေးမှာ စံချိန်တင်မြင့်တက်နေသည့်အပြင် ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်ဖြစ်နေသည်ဟု ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၂၉ရက် နံနက်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၆၀၀ ဝန်းကျင်ဖြင့်ဈေးကွက်စဖွင့်ခဲ့သော်လည်း နေ့လယ်ပိုင်းမှစတင်ကာ ၂,၈၀၀ နှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေသည်ဟု ဆိုသည်။

" မနေ့က ဇူလိုင် ၂၈ရက်မှာလည်း ၂,၈၀၀ နဲ့အပိတ်အရောင်းအဝယ်ပြုလုပ်ပြီးတော့ ဒီနေ့ ဇူလိုင် ၂၉ရက်မှာလည်း ၂,၈၀၀ နဲ့အရောင်းအဝယ်ပြုလုပ်ကြတယ်။ တချို့ဆိုကြိုက်ရောင်းကြိုက်ဝယ်ပဲ ၂,၉၀၀ လောက်အထိ ပေးဝယ်တဲ့သူတွေလည်းရှိတယ်။ ဒီပုံစံအတိုင်းဆို မကြာခင်ရက်ပိုင်းအတွင်း ၃,၀၀၀ ကျော်အထိတက်နိုင်တယ်" ဟု ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြင်ပတွင် တစ်ဒေါ်လာ ကို ၂,၈၀၀ ကျပ်စျေး ပေါက်နေသော်လည်း ရောင်းသူမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့်အပြင် အမှန်တကယ်လိုအပ်သူများအနေဖြင့် အခက်တွေ့နေကြောင်းလည်း သိရသည်။

" အခုဒေါ်လာဝယ်နေကြတဲ့သူတွေ အများစုက ဈေးကွက်အနေအထားကြောင့် ဝယ်စုနေကြတာများတယ်။ ကျွန်မဆိုရင် စာမေးပွဲကြေးသွင်းရမှာမို့ လိုက်ဝယ်နေတာ တစ်ပတ်လောက်ရှိပြီ။ ၂,၃၀၀ ဈေးပေါက်ကတည်းကလိုက်ဝယ်နေတာ။ အခု ၂,၈၀၀ ဈေးပေါက်နေပြီ။ တကယ်တမ်းရောင်းမယ့်သူမရှိဘူး။ အလုအယက်ဝယ်နေကြတဲ့သူတွေပဲရှိတယ်" ဟု အသက် ၂၇နှစ်အရွယ် အမျိုးသမီးက ၎င်း​၏ အခက်အခဲကို ပြောပြထားသည်။

ပြည်ပတွင်သာ အရောင်းအဝယ်ပြုလုပ်နေကြပြီး ငွေလဲကောင်တာများအနေဖြင့်အရောင်းအဝယ်ရပ်နားထားပြီး၊ အချို့သောငွေလဲကောင်တာများမှာ ပိတ်သိမ်းထားသည်ဟု ၎င်းထံမှသိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ အာဏာမသိမ်းခင် အချိန်တွင် ၂၀၂၁ ဇန်နဝါရီ လပိုင်းတွင် တစ်ဒေါ်လာကို ၁,၃၂၀ကျပ် ဝန်းကျင် သာရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁စက်တင်ဘာ ၂၇ ရက်က တစ်ဒေါ်လာကို ၂,၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly