သေဒဏ်ပေးမှုများကို ရှုတ်ချလိုက်ပြီး သေဒဏ်ဆိုင်းငံ့ထားရန် ရမည်းသင်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက တောင်းဆို

သေဒဏ်ပေးမှုများကို ရှုတ်ချလိုက်ပြီး သေဒဏ်ဆိုင်းငံ့ထားရန် ရမည်းသင်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက တောင်းဆို

ဇူလိုင်လ ၂၉ ရက်

အာဏာသိမ်းစစ်ကောင်စီ၏ သေဒဏ်စီရင်မှုများကိုရှုတ်ချလိုက်ပြီး သေဒဏ်စီရင်မှု ဆိုင်းငံ့ထားရန်ကို ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများက ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုခဲ့ကြသည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်က ပြောသည်။

ရမည်းသင်းထောင်သို့ရောက်ရှိလာသော စစ်ကောင်စီ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံစဉ် သေဒဏ်ပေးသောကိစ္စကို ကန့်ကွက်လိုက်ပြီး ကော်မရှင်အဖွဲ့အနေဖြင့် အုပ်ချုပ်ရေးအာဏာကို စီမံခန့်ခွဲနေသူများထံတင်ပြရန်လည်း တစ်ပါတည်းတောင်းဆိုခဲ့ကြသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးသူရဇော်တို့ကို သေဒဏ်ပေးလိုက်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် သေဒဏ်ပေးမှုများ ဆိုင်းငံ့ထားရန်၊ နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့်တွေ့ဆုံခွင့်ရရန်၊ လူချင်းတွေ့ခွင့်မရလျှင် တယ်လီဖုန်းဆက်သွယ်ခွင့်၊ အင်တာနက်မှတဆင့်ဆက်သွယ်ခွင့်ပေးရန်၊ အကျဉ်းထောင်တွင်း လူ့ဂုဏ်သိက္ခာကိုထိခိုက်စေသော ရှာဖွေစစ်ဆေးမှုများအစား သင့်တော်သောနည်းလမ်းများသုံးရန်ဆိုသော အချက်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက ဒီမိုကရေစီလိုလားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်လိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ဝါဒဖြန့်ယန္တရားများမှ တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို မထုတ်ပြန်ဘဲထားသည်။

အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသော သတင်းစဉ်က ဇူလိုင်လ ၂၄ ရက်နေ့နေ့စွဲဖြင့် ပေးပို့သော သတင်းကို ကြေးမုံ၊ မြန်မာ့အလင်းနှင့် New Light of Myanmar များတွင် နောက်တစ်နေ့တွင် ဖော်ပြကြသည်။

ဇူလိုင်လ ၂၂ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့ကို အွန်လိုင်းဗီဒီယိုမှတဆင့်တွေ့ မိသားစုများနှင့်ပေးတွေ့သော်လည်း ကာယကံရှင်များက ထောင်ဝင်စာများမှာယူနေခဲ့၍ သေဒဏ်စီရင်မည့်ကိစ္စကို မသိရှိသည်မှာ ထင်ရှားသည်။

မိသားစုဝင်များလည်း ပြစ်ဒဏ်စီရင်သည်ဆိုခြင်းကို မီဒီယာများတွင် သတင်းပါရှိမှသာ သိရှိခဲ့ကြရသည်။ နှစ် ၅၀ နီးပါးတွင် ပထမဆုံးဖြစ်လာသော သေဒဏ်ပေးခံရသူများ၏ ရုပ်အလောင်းမြင်တွေ့ကြရခြင်းမရှိသလို မှတ်တမ်းတင်ဓာတ်ပုံ၊ ဗီဒီယိုများလည်း ပြသခြင်းမရှိဘဲ သေဒဏ်ပေးချိန်ကိုလည်း စစ်ကောင်စီက တရားဝင်ပြောဆိုခြင်းမပြုဘဲ ထိန်းချန်ထားသည်။

တိတ်တဆိတ်သေဒဏ်စီရင်လိုက်ခြင်းက ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တုန်လှုပ်သွားစေခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချမှုများပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံဥပဒေအရ သေဒဏ်စီရင်မှုကို နိုင်ငံဥသျှောင်က အတည်ပြုရန်လိုသည်။ အာဏာရှင် ဦးနေဝင်းခေါင်းဆောင်သော ယခင်စစ်အစိုးရလက်ထက် ၁၉၇၆ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ နောက်ဆုံးဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly