ဖျာပုံတွင် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် အထွေထွေအုပ်ချူပ်ရေး ရွှေရတုဧည့်ရိပ်သာ မိုင်းခွဲခံရ

ဖျာပုံတွင် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် အထွေထွေအုပ်ချူပ်ရေး ရွှေရတုဧည့်ရိပ်သာ မိုင်းခွဲခံရ

မင်းထက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ ဖျာပုံ-ကျိုက်လတ် အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားခြေဆင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် ဖျာပုံမြို့ဒုတိယလမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချူပ်ရေး ရွှေရတု ဧည့်ရိပ်သာတို့ ယနေ့ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါဖောက်ခွဲမှုကို Black Dragon Commando တပ်ဖွဲ့၊ ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Ayeyarwaddy UG Association တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Black Dragon Commando တပ်ဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီ ကပြောသည်။

" ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဖျာပုံ၊ ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်း တံတားခြေဆင်းကဂိတ်ကို ဖောက်ခွဲတာမှာတော့ စစ်ဗိုလ်တစ်ဦး ဒဏ်ရာပြင်းထန်တယ်။ မနက် ၁၁ နာရီ ၂၈ မိနစ်မှာ ဖျာပုံဒုတိယလမ်းမကြီးပေါ်က အထွေထွေအုပ်ချူပ်ရေးမှူး ဧည့်ရိပ်သာကိုသာ အင်အားပြင်းထန်တဲ့ဆိုင်ကယ်မိုင်းနဲ့ ထပ်ခွဲခဲ့တာမှာတော့ အခင်းဖြစ်တဲ့နေရာက စစ်ဆေးပြီးပြန်လာတဲ့ ရဲကားနောက်ခြမ်း မိုင်းထိသွားတယ်။ အဲ့ဒီဖောက်ခွဲမှုမှာတော့ ရဲ လေးယောက် ထိပြီး နှစ်ယောက် ဒဏ်ရာရတယ်လို့ လောလောဆယ်သိရတယ်" ဟု ဗိုလ်နိုင်းဒီကပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်နှင့် ရဲများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်နှင့် အသေအပျောက် ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း မဇ္စျိမသတင်းဌာနသို့ပြောသည်။

အဆိုပါ ဖောက်ခွဲမှုဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက မတရားဖမ်းဆီးခြင်းများ ပြုလုပ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့်ဂရုစိုက်နေထိုင်၊ သွားလာကြရန်လည်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖျာပုံမြို့ အဝင်၊ အထွက်လမ်းများနှင့် မြို့ပေါ်လမ်းများပေါ်တွင် အင်အားအများအပြားနှင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required