တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ရသော ၄၄ လမ်းဖြစ်စဉ်တွင် သတင်းပေးသူဟုဆိုသော အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ရသော ၄၄ လမ်းဖြစ်စဉ်တွင် သတင်းပေးသူဟုဆိုသော အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

ဇူလိုင်လ ၂၈ ရက်

ရန်ကုန်။ ။ စစ်ကောင်စီတပ်ဝင်စီး၍ အသက်ဆုံးရှုံးမှုများဖြစ်စေခဲ့သော တိုက်ပေါ်ကခုန်ချခဲ့မှုဖြစ်စဉ်တွင် တာဝန်ရှိသူတစ်ဦးဖြစ်သည်ဆိုသော အုပ်ချုပ်ရေးမှူးဦးသန်းဝင်းကို သေနတ်ဖြင့်အနီးကပ်ပစ်သတ်မှု ယနေ့ (ဇူလိုင် ၂၈ ရက်) နေ့လယ်က လုပ်ဆောင်ခဲ့သည် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုအပြောအရသိရသည်။

ဗိုလ်တထောင်မြို့နယ်၊ (၄၂) လမ်းတွင်နေထိုင်သူ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ)ဘော်ဘီအား မွန်းတဲ့ ၁၂ နာရီဝန်းကျင်တွင် Inya Urban Force နှင့်အတူ အခြားပြောက်ကျားတစ်ဖွဲ့က ပူးပေါင်းကာ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က (၄၄) လမ်း အောက်ဘလောက်၊ တိုက်အမှတ် (၃၈)တွင်အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းရာ အမျိုးသမီးနှစ်ဦးအပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူငါးဦး တိုက်လေးလွှာမှခုန်ချရာ အနည်းဆုံးနှစ်ဦးပွဲချင်းပြီးသေဆုံးပြီး ကျန်ဒဏ်ရာသူများမှာ ပြင်းထန်စွာရိုက်နှက်ဖမ်းဆီးခံခဲ့ကြရသည်။ လူအများစိတ်နှလုံးကြေကွဲစရာဖြစ်စေခဲ့သော အဆိုပါဖြစ်စဉ်တွင် အဓိကသတင်းပေးမှာ ဘော်ဘီဖြစ်သည်ဟု ရန်ကုန်ပြောက်ကျားများကပြောသည်။

ကိုယ်ဝန်နှင့်အမျိုးသမီးတစ်ဦးအပါအဝင် သေလုမျောမျော ဒဏ်ရာရထားသောသူများကို စစ်ကောင်စီတပ်က သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ကာ စစ်ဖိနပ်များဖြင့် ကန်ကျောက်ခြင်းများလည်း ပြုလုပ်ခဲ့ပြီးမှ မင်္ဂလာဒုံစစ်ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။ ထိုစဉ်ကကိုယ်ဝန်နှစ်လရှိသော မပိုးကျော့ကျော့ခန့်ကို စစ်ကြောရေးတွင် စစ်စုံထောက်များက ရိုက်နှက်ခဲ့ပြီး ထောင်ဆေးရုံတွင်လည်း ကိုယ်ဝန်ကိုကျန်းမာရေးစောင့်ရှောက်မှုမပေးဟု စစ်ကြောရေးနှင့် အကျဉ်းထောင်များမှလွတ်မြောက်လာသောသူများက ပြန်ပြောကြသည်။

အခင်းဖြစ်ပွားမှုအပြီး ဘော်ဘီလည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရာက မကြာသေးခင်ကမှ နေအိမ်သို့ပြန်ရောက်လာခြင်းဖြစ်သည်။

" သူပြန်ရောက်လာတော့ တာဝန်သိပြည်သူတွေသတင်းပေးလို့ ခြေရာခံပြီး အပြတ်ရှင်းလိုက်တာ" ဟု ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ပြောကြားသည်။

" ၄၄ လမ်းဖြစ်စဉ်က အချိန်တစ်နှစ်လောက်ကြာပြီဆိုပေမဲ့ ကျွန်တော်တို့ အသည်းထဲမှာ စွဲစွဲမြဲမြဲအမှတ်ရနေစဲပါ။ အဲဒီတုံးက သတင်းပေးဒလန်နဲ့ ဖမ်းဆီးတာမှာပါဝင်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေတိုင်းကို အမှတ်ရနေပါတယ်" ဟု သူက ထပ်ပြောသည်။

ဓာတ်ပုံ- လွန်ခဲ့သော တစ်နှစ်နီးပါးက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၄) လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်စီး၍ အာဏာသိမ်းမှုဆန့်ကျင်သူ ငါးဦး တိုက်ပေါ်မှခုန်ချပြေးရာ နှစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာပြင်းထန်စွာရခဲ့စဉ်။ သေလုမျောမျောဒဏ်ရာရသူများကို စစ်ကောင်စီတပ်က သေနတ်ဒင်များဖြင့်ရိုက်ခြင်း၊ စစ်ဖိနပ်ဖြင့်ကန်ကျောက်ခြင်းများပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required