ထားဝယ်မြို့တွင် မြို့မရဲစခန်းမှူးအပါဝင် အမျိုးသား ၁၃ ဦးခန့် ဖမ်းဆီးခံရ

ထားဝယ်မြို့တွင် မြို့မရဲစခန်းမှူးအပါဝင် အမျိုးသား ၁၃ ဦးခန့် ဖမ်းဆီးခံရ

ဇူလိုင်လ ၂၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယခုရက်ပိုင်းအတွင်း မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးနိုင်နှင့် CDM ရဲတပ်သား အပါဝင် အမျိုးသား ၁၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီတပ်များမှ ရဲစခန်းအားဝင်ရောက်စီးနင်းကာ PDF များ အားထောက်ပံ့မှု၊ လူကုန်ကူးမှု၊ အဂတိမှုစွပ်စွဲချက်များဖြင့် မြို့မစခန်းမှူးကို ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

ထို့အပြင် ဇူလိုင်လ ၂၄ ရက်မှ ၂၇ ရက်နေ့ ညပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ စရဖနှင့် ရဲတပ်ဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက်များရှိ နေရာအသီးသီးတွင် အမျိုးသား ၁၃ ဦးခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ ဒီလိုပဲ မြို့ပေါ်မှာမှ မဟုတ်ဘူး နယ်တွေမှာလည်း ဒီအတိုင်းပဲ။ လူတစ်တစ်ယောက်ကို ဖမ်းတော့မယ် ဆိုရင် အိမ်စီးကားတွေနဲ့ အင်အားအလုံးအရင်းနဲ့ သေနတ်တွေနဲ့ချိန်ပြီး လာဖမ်းတာကများတယ်။ တချို့ ရွာတွေမှာဆိုရင် ညဖက်ကြီးဝင်ဖမ်း၊ တခါတည်းပစ်သတ်သွားတာတွေကြားနေရလို့ ပြည်သူတွေစိုးရိမ် စိတ်နဲ့ နေထိုင်သွားလာနေရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခံခဲ့ရသူဦးရေမှာ မြေပြင်၌ ယခုစာရင်းထက်ပိုများနေနိုင်ပြီး ပြန် လွတ်လာသူမှာလည်း အနည်းငယ်သာရှိကြောင်း ဒေသခံသတင်းအရင်းမြစ်များမှ ဆိုသည်။

ယခုဖမ်းဆီးခံထားရသည့် မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးနိုင်အပါအဝင် ဒေသခံ ၁၃ ဦး၏ နောက်ဆက်တွဲ အခြေ အနေကိုမူ မဇ္ဈိမမှ အတည်ပြုနိုင်သေးမရှိသေးပေ။

ယခုဖမ်းဆီးခံခဲ့ရသူများသည် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ စစ်ကောင်စီတပ်မှ စွပ်စွဲချက်အမျိုးမျိုး ခေါင်းစဉ်တပ်ကာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။

အလားတူ မြိတ်မြို့တွင်လည်း ဖမ်းဆီးခံရသူအများပြားရှိနေပြီး အချို့မှာစစ်ကြောရေးတွင် အပြင်းအထန် ရိုက်နှက်စစ်ဆေးခံနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required