ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၈,၀၀၀ ကျော် ရှိလာဟု WHO ပြော

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၈,၀၀၀ ကျော် ရှိလာဟု WHO ပြော

ဇူလိုင် ၂၈

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၇၈ နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၈,၀၀၀ ကျော် ရှိပြီ ဖြစ်ပြီး ကူးစက်မှု အများစုမှာ ဥရောပ၌ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အဆိုပါ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် WHO က စနေနေ့က ကြေညာခဲ့သည်။

လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ဖြစ်လေ့ဖြစ်ထရှိသည့် အာဖရိက နိုင်ငံများ၏ ပြင်ပ၌ ကူးစက်ခံရသူ ၉၈ ရာခိုင်နှုန်းသည် အမျိုးသားချင်း လိင်ဆက်ဆံသူများ ဖြစ်ကြောင်း WHO က ပြောသည်။

ယင်းအတွက်ကြောင့် အဆိုပါ အုပ်စုအနေဖြင့် လိင်ဆက်ဆံဖော်သစ် ရှာခြင်းကို လျှော့ချရေးနှင့် မည်သည့် ပါတနာသစ်နှင့်မဆို ထိတွေ့ဆက်သွယ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ ဖလှယ်ရေး စဉ်းစားကြရန် WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆက် က တိုက်တွန်းခဲ့သည်။

“ဒါက ထိန်းချုပ်တားဆီးလို့ ရနိုင်တဲ့ ရောဂါ ကူးစက်ဖြစ်ပွားမှုတစ်ခုပါ။ လုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ထိတွေ့မှုရဲ့ အန္တရာယ်ကို လျှော့ချဖို့ပါပဲ” ဟု တက်ဒရို့စ်က ဂျီနီဗာရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ “အဲဒါကတော့ ခင်ဗျားတို့ ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် ဘေးကင်းတဲ့ ရွေးချယ်မှုတွေ လုပ်ဖို့ ဆိုလိုတာ ဖြစ်တယ်”

ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနှင့် အမျိုးသားချင်းလိင်ဆက်ဆံသူများ အပါအဝင် ကူးစက်ခံရနိုင်ခြေ မြင့်မားသော အစုအဖွဲ့များအတွက် ကာကွယ်ဆေးထိုးရေးကို ကုလ အေဂျင်စီက ထောက်ခံအကြံပြုလျက် ရှိသည်။

ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးနောက် အပြည့်အဝ ရောဂါကာကွယ်နိုင်စွမ်း ရရန် သီတင်းပတ်အချို့ စောင့်ရမည် ဖြစ်သဖြင့် လူများအနေဖြင့် အဆိုပါအချိန်ကာလမတိုင်မီ အခြားသော ကြိုတင်ကာကွယ်မှု အစီအမံများ လုပ်သင့်ကြောင်း ယင်းက သတိပေးသည်။

လက်ရှိ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လူနာ ၁၀ ရာခိုင်နှုန်းခန့်က ဆေးရုံတက်ရောက်ကုသမှု ခံယူထားခဲ့ရပြီး ငါးဦး သေဆုံးကာ အဆိုပါ သေဆုံးသူများမှာ အာဖရိကမှ ဖြစ်ကြောင်း WHO က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly