ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးစီရင်မှုအပေါ် တရုတ်၊ရုရှားပါဝင်သည့် ကုလလုံခြုံရေးကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးစီရင်မှုအပေါ် တရုတ်၊ရုရှားပါဝင်သည့် ကုလလုံခြုံရေးကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

ဇူလိုင် ၂၈

ဒီမိုကရေစီလှုပ်ရှားသူ ​လေးဦးကို စစ်ကောင်စီက ကြိုးပေးစီရင်မှုအပေါ် တရုတ်နှင့်ရုရှားပါဝင်သည့်ကုလလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း သတင်းထုတ်ပြန်သည်။

ယခင်လုံခြုံရေးအစည်းအဝေးများတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများရှိခဲ့သည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံကလည်း ယင်းသို့ထုတ်ပြန်ခြင်းအပေါ် ကန့်ကွက်ခြင်းမပြုခဲ့ပေ။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဝါရင့်နိုင်ငံရေးသမား ကိုဂျင်မီနှင့် ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ကြောင်း ထုတ်ပြန်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန်၊ အမျိုးသားညီညွတ်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့်အကူအညီပေးနိုင်ရေးကို လေးစားကြရန်လည်း တောင်းဆိုကြောင်း၊ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် ဖမ်းခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလလုံခြုံရေးကောင်စီကို ဗီတိုအာဏာရ အမေရိကန်၊ တရုတ်၊ရုရှား၊ ဗြိတိန်၊ပြင်သစ် အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး ယင်းကန့်ကွက်ရှုတ်ချမှုကို တညီတညွတ်တည်း ထုတ်ပြန်ခြင်းဖြစ်သည်။

#Mizzima

#ကုလလုံခြုံရေးကောင်စီ

#ကြိုးပေးစီရင်ခံရသူ လေးဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required