ကန့်သတ်သွင်းကုန်များအပေါ် မိမိအစီအစဉ်ဖြင့် သွင်းကုန်လျှောက်ထားခြင်း ခွင့်မပြုကြောင်း စစ်ကောင်စီပြော

ကန့်သတ်သွင်းကုန်များအပေါ် မိမိအစီအစဉ်ဖြင့် သွင်းကုန်လျှောက်ထားခြင်း ခွင့်မပြုကြောင်း စစ်ကောင်စီပြော

ဇူလိုင်လ ၂၇ ရက်

အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်ထားသည့် သွင်းကုန်များနှင့် ပတ်သက်၍ မိမိအစီအစဉ်ဖြင့် သွင်းကုန်လျှောက်ထားခြင်းကို ခွင့်မပြုကြောင်း စစ်ကောင်စီပြောခွင့်ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဇူလိုင်လ ၂၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းဌာနတစ်ခုမှ " သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ ပြည်ပကဒေါ်လာဝယ်ပြီးတော့ မိမိအစီအစဉ်နဲ့ သွင်းကုန်လိုင်စင်လျှောက်ထားမယ်ဆိုရင် လက်ခံပါသလား" ဆိုသည့် မေးမြန်းချက်အပေါ်တွင် ယခုကဲ့သို့ဖြေဆိုခဲ့ခြင်းဖြစ်သည်။

" မရှိပါဘူး။ သွင်းကုန်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားကူးသန်းတို့၊ စီမံဘဏ္ဍာတို့က ကန့်သတ်ထားတဲ့ သွင်းကုန်တွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံခြားငွေချွေတာနိုင်ရေး ကန့်သတ်ထားတဲ့ကုန်တွေရှိပါတယ်။ ကန့်သတ်မထားတဲ့ကုန်တွေဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်ပါတယ်။ ကန့်သတ်ထားတဲ့ကုန်တွေဆိုရင်တော့ ဆောင်ရွက်ခွင့်မပေးဘူးဆိုတာကို ပြုပြင်ဖို့မရှိသေးပါဘူး " ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ ကန့်သတ်ထားသည့် သွင်းကုန်များမှာ မော်တော်ယာဉ်နှင့်ဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ စက်နှင့်အပိုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် အစားအစာများကိုလည်း ကန့်သတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်လက်နက်ပစ္စည်းဝယ်ယူရေးအပါအဝင် နိုင်ငံအတွက် မရှိမဖြစ်သွင်းကုန်များ ဝယ်ယူရေးနှင့် နိုင်ငံ၏ပုံမှန်အကြွေးဆပ်ရေးတို့အတွက် အမေရိကန်ဒေါ်လာငွေများစွာ အသုံးပြုခဲ့ရသည်။

ထို့အပြင် ရှေ့ဆက်၍အသုံးပြုရန်ရှိနေသည့် အသုံးစရိတ်များအတွက်လည်း အမေရိကန်ဒေါ်လာ လိုအပ်ချက်များစွာ ရှိနေသောကြောင့် သွင်းကုန်များအား ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သွင်းကုန်ပါမစ်များအား စစ်ကောင်စီမှ ပါမစ်ချမပေးဘဲ ဆက်လက်ဆိုင်းငံ့ထားပါက နိုင်ငံခြားမှတင်သွင်းသော စားသောက်ကုန်များနှင့် လူသုံးကုန်များမှာ ဈေးကွက်အတွင်း ပစ္စည်းရှားပါးခြင်းနှင့် ဈေးကြီးမြင့်ခြင်းများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

သို့သော် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ဆေးဝါးပစ္စည်းများအား ဝယ်ယူတင်သွင်းရန်အတွက် ငွေပေးချေမှုကို မိမိအစီအစဉ်ဖြင့်ဆောင်ရွက်မည်ဆိုပါက သွင်းကုန်လိုင်စင် ထုတ်ယူနိုင်သည်ဟု ဇူလိုင်လ ၂၂ ရက် တွင် ကြေညာခဲ့ပြန်သည်။

ထိုသို့ သွင်းကုန်လိုင်စင်ထုတ်ယူ (လျှောက်ထား) ရာတွင် စစ်ကောင်စီမှ သတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၈၅၀ နှုန်းဖြင့် ဗဟိုဘဏ်၌ လဲလှယ်ရမည်ဖြစ်ပြီး၊ ပြည်ပမှ သွင်းကုန်တင်သွင်းရာတွင် လက်ရှိပြည်ပပေါက်စျေးနှုန်းနှင့် မိမိအစီအစဉ်ဖြင့် တင်သွင်းရမည်ဟုလည်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly