ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲအနိုင်အထက်ပြုကျင့်သည်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခံရ

ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲအနိုင်အထက်ပြုကျင့်သည်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခံရ

ဇူလိုင်လ ၂၇ ရက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲ၌ မလျော်ဩဇာသုံးစွဲ၍ အနိုင်အထက်ပြုကျင့်ခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီက မတရားစွပ်စွဲကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၃၀(က)ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့က ထပ်မံတရားစွဲဆိုလိုက်ကြောင်း သိရသည်။

အသက် ၆၂ အရွယ်ရှိပြီဖြစ်သော ဒေါက်တာလင်းထွဋ်အား အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု လေးမှုအတွက် ထောင်ဒဏ် လေးနှစ်စီ၊ စုစုပေါင်း ၁၆နှစ်ကိုလည်း ယခုနှစ် ဇန်နဝါရီလ ၂၇ရက်က ချမှတ်ပြီးဖြစ်ကာ ယခု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၃၀(က)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

''ဒေါက်တာလင်းထွဋ်ကို ဒီနေ့ရုံးထုတ်မယ်၊ မိသားစုနဲ့ မတွေ့ရတာ နှစ်လလောက်ရှိပြီ၊ ထောင်ဝင်စာတော့ပို့လို့ရတယ်၊ ကျန်းမာရေးအခြေနေကောင်းပါတယ်။''ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါက်တာလင်းထွဋ်သည် NLDပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းယူသည့် ဖေဖော်ဝါရီလ ၁ရက်၌ ပထမအကြိမ်ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက်လာပြီးနောက် ဖေဖော်ဝါရီလ ၁၀ရက်၌ ထပ်မံဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကလောမြို့နယ်အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုးစသည့် ဒေသများမှ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ထောင်ချခံထားရသူများကိုလည်း သဘာဝဘေးဥပ‌ဒေဖြင့် တရားစွဲဆိုထားသည့်အမှုများအတွက် ဇူလိုင်လ ၂၅ ရက်က နှစ်နှစ်စီ ထပ်တိုးအမိန့်ချလိုက်ကြောင်းကိုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly