ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားသည့် ကော့မှူးမြို့နယ်မှပြည်သူများ မြို့တွင်းသွားလာရေးတွင် စက်ဘီးများ ပြန်လည်အသုံးပြုနေရ

ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားသည့် ကော့မှူးမြို့နယ်မှပြည်သူများ မြို့တွင်းသွားလာရေးတွင် စက်ဘီးများ ပြန်လည်အသုံးပြုနေရ

ဇူလိုင်လ ၂၇ ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားမှုကြောင့် ပြည်သူများ အနေဖြင့် သွားလာရေးတွင် စက်ဘီးများပြန်လည်အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကော့မှူးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များက ဆိုင်ကယ်အသုံးပြုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များရှိလာသည်ဟုဆိုကာ စစ်ကောင်စီက ဇွန်လ ၁၆ ရက်နေ့မှစတင်ပြီး ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခဲ့ သည်။

“ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာက နှစ်လတော့ကျော်ပြီ။ မြို့တွင်းမှာ သွားလာရေးကတော့ အရင်ကထက် တော်တော်လေး ခက်ခဲသွားတယ်။ ဆိုင်ကယ်တွေပိတ်တော့ ကယ်ရီသမားတွေ အခက်အခဲဖြစ်သွား တယ်။ အဲဒီတော့ ဘေးတွဲတွေလုပ်ပြီးမောင်းကြတယ်။ တစ်ပတ်လောက်နေတော့ ဘေးတွဲတွေကို ထပ်ပြီး စီးနင်းခွင့်ပိတ်တယ်။ အဲဒီလိုအကုန်လိုက်ပိတ်တော့ အခုဆို ပြည်သူတွေ စက်ဘီးပြောင်းစီးနေကြရတယ်” ဟု ကော့မှူးဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က ကော့မှူးမြို့နယ်အတွင်း ဆိုင်ကယ်များအပြင် ဘေးတွဲများပါ စီးနင်းခွင့်ပိတ်ပင်ထား ခြင်းကြောင့် ပြည်သူများအနေဖြင့် မြို့တွင်းသွားလာစရာကိစ္စများရှိပါက စက်ဘီးများနှင့် ဆိုက်ကားများ အသုံးပြုကာ သွားလာနေကြရကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးကိစ္စကြောင့် ဆေးရုံဆေးခန်းသွားလာရပါက ကားငှားကာသွားလာနေရပြီး ရွာတစ် ရွာမှတစ်ရွာသို့သွားလာလျှင်ပင် ကားငှားခ ကျပ် ၁၀,၀၀၀ ခန့် ပေးနေရသည့်အတွက် ခရီးစရိတ် ပိုမိုကုန် ကျနေရကြောင်းလည်း ဒေသခံများက ဆိုသည်။

“ဆိုင်ကယ်တွေပိတ်လိုက်ပြီးတဲ့နောက် တော်လှန်ရေးလှုပ်ရှားသူတွေလည်း တော်တော်လေးကြပ်တည်း သွားတယ်ထင်တယ်။ အရင်ကလို လှုပ်ရှားမှုတွေသိပ်မရှိတော့ဘူး။ ဒါကြောင့်လည်း ဒီကောင်တွေ (စစ် ကောင်စီတပ်)က လမ်းပန်းဆက်သွယ်ရေးခက်ခဲအောင် လုပ်တာလို့ ယူဆပါတယ်။ ဘေးတွဲတွေနဲ့ ပစ်ခတ် တဲ့ ဖြစ်စဉ်မျိုးတော့ ကော့မှူးမြို့နယ်မှာ မရှိသေးပါဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ကော့မှူးမြို့နယ်တွင် ဒေသခံများအခေါ်အရ အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ခြမ်းရှိပြီး တောတောင်များ ရှိသည့် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်မှုပိုမိုပြုလုပ်ထားသလို ၎င်းတို့ကို တိုက်ခိုက်မှုများသည်လည်း ကော့မှူးမြို့နယ်အနောက်ခြမ်းတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ကော့မှူးမြို့နယ်အရှေ့ခြမ်း မြို့တွင်းနေရာများတွင် တနေ့နှစ်ကြိမ်သာ ကင်းလှည့်စစ်ဆေးသော်လည်း အနောက်ခြမ်းတွင်မူ နေ့စဉ်စောင့်ကြည့်စစ်ဆေးခြင်း၊ အရပ်ဝတ်ပုံစံ အသွင်ယူခြင်း၊ ကင်းပုန်းချခြင်းများပြုလုပ်ကာ မသင်္ကာမှုများရှိပါကဖမ်းဆီးခြင်းများဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ထောက်တိုင်များကို တော်လှန်ရေးအဖွဲ့များကဆန့် ကျင်တိုက်ခိုက်မှုပြုလုပ်ရာတွင် ဆိုင်ကယ်အသုံးပြုသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ် က ရန်ကုန်တိုင်းအတွင်း ယခင်က ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့်မြို့နယ်များအပြင် မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ပါ စီးနင်းခွင့် ပိတ်ပင်ထားပြီး စီးနင်းမှုများတွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းခြင်းများ ပြုလုပ်နေသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ထောက်တိုင်များကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ဒေသခံပြည်သူများသည်သာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် သွားလာရေးအခက်အခဲများ ရင်ဆိုင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly