ကနီနယ်မှ အာဇာနည်သူရဲကောင်းများ၏ သွေးစွန်းဇူလိုင်(ဆောင်းပါး)

ကနီနယ်မှ အာဇာနည်သူရဲကောင်းများ၏ သွေးစွန်းဇူလိုင်(ဆောင်းပါး)

ဇူလိုင်လ ၂၇ ရက်

ပြည့်အောင်နိုင်(ကနီ)

ကနီမြို့နယ်သည် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်း တည်ရှိသော ရပ်ကွက် သုံးခု ၊ ကျေးရွာအုပ်စု ၄၅စု၊​ ကျေးရွာပေါင်း ၁၈၈ ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်သည်။ နွေဦးတော်လှန်ရေးကာလတွင် တူမီးလက်နက်ကိုင်ဆွဲ၍ တိုက်ပွဲဝင်ခဲ့သော ကနီမြို့နယ်အတွင်း၌ အောက်မေ့အမှတ်ရစရာ ဖြစ်ရပ်များစွာရှိပေသည်။

ထိုအထဲ၌ စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် လေးခုမှာ စိတ်မချမ်းမြေ့ရာ အမှတ်ရစရာများထဲတွင် ထိပ်ဆုံးက ပါဝင်ပေသည်။

ထိုအချိန်ကာလက စစ်ကောင်စီ၏ လက်အောက်ခံ ကလေးအခြေစိုက်တပ်ရင်း (၂၂၈)၊

တပ်မ(၄၄)၊ တပ်မ(၉၉) သည် ကနီမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုစဉ်က ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ များသောအားဖြင့် မိမိရပ်ရွာအနီးရှိ

တောတောင်များအနီး၌သာ စစ်ဘေးရှောင်လေ့ရှိကြသည်။

စစ်ဘေးရှောင်ရာ၌လည်း တိုက်ပွဲနှင့် ဝေးရာသို့သာ ခြေဦးတည့်၍ ပြေးကြလေ့ရှိသည်။ တပ်ရင်း ၊တပ်ဖွဲ့ ၊တပ်စုများ ဖွဲ့စည်း၍ အင်အားကောင်းကောင်းဖြင့် တိုက်ခိုက်ကြသော အချိန်ကာလမဟုတ်သကဲ့သို့ ပွဲကကြရာတွင်လည်း တူမီးကိုသာ အဓိက အားကိုးကြရပေသည်။

-----------------------

ပထမအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ရှစ်ခိုးထပ်ဖြစ်စဉ်

၂ဝ၂၁ ခု ဇူလိုင်လ ၁ ရက်နေ့က ဘုတလင်နယ်ဘက်မှ ကနီနယ်အတွင်းသို့ ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်းအတိုင်း စစ်ကောင်စီ တပ်များသည် ခြေလျင်တပ်၊ ကားများဖြင့် စစ်ကြောင်းထိုး၍ဝင်ရောက်လာခဲ့သည်။ အဆိုပါလမ်းအတိုင်း ဒေသအခေါ် ရှစ်ခိုးထပ်ကွေ့အနီးသို့ ရောက်သောအခါ ခြေလျင်စစ်ကြောင်း နှင့် တည့်တည့်တိုး၍ အရပ်သားပြည်သူ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

စစ်ကောင်စီတပ်များသည် ဖမ်းဆီးသွားသော ပြည်သူများကို စစ်ဆေးမေးမြန်းပြီးနောက် ဦးခေါင်းကို သေနက်ဖြင့် တေ့ပစ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်လေသည်။

ထို့အပြင် ၄င်းတို့ စစ်ကြောင်းအနီး၌ တွေ့ရှိသည့် ဆိုင်ကယ် ၂၅ စီးကိုလည်း မီးရှို့ဖျက်ဆီးလေသည်။ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နှစ်ရက်အကြာတွင် ပျောက်ဆုံးနေသော ပြည်သူများကို လိုက်လံရှာဖွေကြရာ ရှစ်ခိုးထပ်အနီးရှိ ယာခင်းများအတွင်း ရုပ်အလောင်းလေးလောင်းကို တွေ့ရလေသည်။ တွေ့ရှိရသော ရုပ်အလောင်းများတွင် ရုပ်အလောင်းသုံးလောင်းမှာ ဦးခေါင်းများမရှိတော့သကဲ့သို့ ပျက်စီးနေသည်ကို တွေ့ရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသောသူများနှင့် သေဆုံးသူများအား တိုက်ဆိုင်စစ်ဆေးကြည့်ရာ ကနီမြို့နယ်အတွင်းနေထိုင်ကြသော ဦးသက်ရှည် (အသက် ၅၆ နှစ်) ဖန်းခါးကုန်းရွာ ၊ ကိုထွန်းရွှေ (အသက် ၃၆ နှစ်) စိန်ကုန်းရွာ၊ ၊ ကိုဇေယျာထွန်း (အသက် ၂၃နှစ် ) ဆူးလေကုန်းရွာ နှင့် ကိုဆန်းမင်းနိုင် (အသက် ၂၁ နှစ် )အင်ချောင်ရွာတို့ဖြစ်ကြောင်း သိရသည်။ ထိုသေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများကို ဒေသခံများက ကောင်းမွန်စွာ မီးရှို့ သင်္ဂြိုဟ်ကြလေသည်။

-----------------------

ရှစ်ခိုးထပ်ပြည်သူ ၄ ဦး ကြွေလွှင့်ခြင်း ၁ နှစ်မြောက် အခမ်းအနား

၂၀၂၂ ခု ဇူလိုင်လ ၁ ရက်နေ့က အဆိုပါအရပ်သားပြည်သူလေးဦး မကြွေသင့်ဘဲ ကြွေလွင့်ခဲ့ရသည်မှာ တနှစ်ပြည့်ခဲ့ပါသည်။ ဒီမိုကေရစီ မဟာမိတ် အင်အားစုများ ၊ ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ စုပေါင်း၍ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်အနီး၌ပင် ပြုလုပ်ခဲ့သည်။

အခမ်းအနား၌ NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား အလေးပြုခြင်း ၊ အောက်မေ့အမှတ်ရသောအားဖြင့် ရှစ် စက္ကန့် ငြိမ်သက်အမှတ်ရခြင်း၊ နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်သူများ ၊ CRSH လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ လူ့အခွင့်အရေး နှင့် စစ်ရာဇဝတ်မှုအကြောင်း ဟောပြောသည်။

ကြွေလွင့်သွားသော ပြည်သူများကို အမှတ်ရအောက်မေ့ရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အနေနှင့် " စခ(စစ်ကောင်စီတပ်ဖွဲ့)၏ ထွက်ပေါက်မှန်သမျှ ပိတ်ဆို့ကြ။စခ(စစ်ကောင်စီ)ရွေးကောက်ပွဲCDM ပြုလုပ်ရေး ဒို့အရေး။ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ။လူ့အခွင့်အရေး၏ ရန်သူစစ်ကောင်စီ အလိုမရှိ။လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ ပြည်သူအားလုံး ညီကြစို့ ။ တော်လှန်ရေးကြီး မြန်မြန်ပြီးဖို့ ပြည်သူအားလုံး ပါဝင်စို့ ။ပျောက်ဆုံးသွားတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ အပြီးယူကြ။အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် " စသည့်ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနား၌ ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ ဦးရေ ၅ဝဝကျော် တက်ရောက်ခဲ့သည်။

-----------------------

ဒုတိယအကြိမ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ယင်းရွာဖြစ်စဉ်

ယင်းရွာသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း တွင်တည်ရှိသော ရွာဖြစ်သည်။စစ်ကောင်စီတပ်များသည် ၂၀၂၁ ခု ၊ ဇူလိုင်လ ၉ရက်နှင့် ၁၀ရက်တွင် ကနီမြို့နယ် ၊ ယင်းရွာအနီး ရောက်ရှိခဲ့သည်။ ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ဒေသခံ ပြည်သူများသည် ယင်းရွာ၏အနီး တောတောင်များတွင် စစ်ဘေးရှောင်ကြလေသည်။

ထိုသို့စစ်ဘေးရှောင်ရင်း နာတာရှည် ရောဂါဝေဒနာ ခံစားနေရသူ ဦးကျော်ရှင် ( အသက် ၇၁ နှစ်အရွယ်) အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်နောက်မှ ပြုတ်ကျ သေဆုံးလေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းရွာ၏ အရှေ့ဘက် တောအတွင်း ခင်တန်းရှည်ကုန်း တောတဲများတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၂၆ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဘေးရှောင်ရာတွင်ပါလာခဲ့သည့် စားနပ်ရိက္ခာပစ္စည်းများ ၊ ရွှေငွေများကို ယူလေသည်။

ဖမ်းဆီးထားသော သူများထဲမှအမျိုးသမီး ၁၁ ဦးကို ပြန်လွှတ်လိုက်သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် အမျိုးသမီးများကို ပြန်မလွှတ်ခင်" ဒီကောင်တွေထဲမှာ နင်တို့ သား ယောကျ်ား ဖအေတွေပါရင် သရဏဂုံတင်ထားကြ ပြန်လှည့်မကြည့်နဲ့ ပြေးကြ"ဟု ပြောကြောင်း ပြန်လွတ်မြောက်လာသည့် ယင်းရွာမှ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အမျိုးသား ၁၅ဦးကိုမူ ဖမ်းဆီးမေးမြန်း စစ်ဆေးကာ သတ်ဖြတ်ပြီးနောက် ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်ကုန်း ချောက်များ ၊ ယာခင်းများအတွင်း စွန့်ပစ်ခဲ့လေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်ထွက်သွားပြီး နောက်ရက်တွင် လေးယောက်တစ်တွဲ ၊ နှစ်ယောက်တစ်တွဲ ခြေထောက်၊လက် ကြိုးတုပ် ရိုက်နှက် ဖူးယောင်ဒဏ်ရာများ၊ သေနတ်ဒဏ်ရာ ၊ဓားဒဏ်များစွာဖြင့် အစုလိုက် အပြုံလိုက် အမျိုးသား ၁၅ဦးလုံး သတ်ဖြတ်ခံရလေသည်။

အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ကနီမြို့နယ် ယင်းရွာမှ ၁၃ဦး ၊ ကုန်းသာရွာမှ တစ်ဦး နှင့် ရေဦးမြို့နယ် ပလူဇဝရွာမှ တစ်ဦးဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများမှာ ဦးစိုးအောင် ၊ ဦးလှပို ၊ ဦးကျော်ငွေ၊ ဦးတင့် ၊ ဦးအေးကို ၊ ဦးဇော်ထွန်း၊ ဦးခင်မောင်မြင့် ၊ ကိုတင်ကျော်အောင် ၊ ကိုဇင်သူအောင် ၊ ကိုဇော်ဌေး ၊ ကိုသန်းမင်းဦး ၊ ကိုမင်းချစ်ဦး ၊ ကိုချစ်ဆူ ၊ ကိုဇော်မင်းဌေး၊ကိုသာပြည့်စုံ တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်များသည် မြစ်ကမ်းဘေးတစ်လျှောက်ပြန်အလာ ကနီမြို့နယ် ထောက်ကြံ့ကုန်းရွာအနီးအရောက် တောထဲတွင် ထောက်ကြံ့ကုန်းရွာသား ကိုဉာဏ်ထွန်းကို ဖမ်းဆီး သတ်ဖြတ်လေသည်။

ထိုသို့ မိမိအမျိုးများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို ကြားသိရသဖြင့် ခိုတွင်းရွာမှ ဦးမောင်မြင့်မှာ စိတ်ဖောက်ပြန်သွားပြီး ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ရက်နေ့ ည ၇ အချိန်တွင် ခိုတွင်းရွာမှ ကနီမြို့သို့ ခြေလျင်သွားရောက်လေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ချထားသော ကနီမြို့ အ.ထ.က ကျောင်းအနီးသို့ ဦးမောင်မြင့် ရောက်ရှိသွားပြီး " မင်းတို့ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကြောင့် ငါတို့ ပြည်သူတွေ သေရတာ ငါ့အမျိုးတွေကိုသတ်တာ မင်းတို့ကိုပြန်သတ်ပြမယ် " ဟု အော်ဟစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းအား ပစ်သတ်လေသည်။ ထို့နောက် ဦးမောင်မြင့်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညတွင်းချင်း ဖျောက်ဖျက်ပစ်လိုက်လေသည်။

ထိုအချိန်ကာလမှာပင် မုံရွာ-ချောင်းမ-ယာကြီး -ကလေးဝ ကားလမ်း၌လည်း တိုက်ပွဲများပြင်ထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ နေရာသို့ ပြန်လာ၊မလာ မသိနိုင်သဖြင့် သေဆုံးရုပ်အလောင်းများကို မီးမရှို့ဘဲ ပစ်ထားရလေသည်။

တိုက်ပွဲများစဲပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရောက်မှ ပြည်သူများစုပေါင်း၍ သေဆုံးသွားသော ပြည်သူများ၏အကြွင်းအကျန် ရုပ်အလောင်းနှင့် ပစ္စည်းများကို မီးရှို့ ခဲ့လေသည်။

-----------------------

အရိုးကောက်ရှာပုံတော်

၂၀၂၂ ခု ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြည်သူ ၁၁ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ကြက်ချောင်း ၊ကျောက်တံခါးချောင်း ဆုံရာ အခင်းဖြစ်ပွားရာ နေရာသို့ ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ရာတွင် ကျွန်ုပ်လည်းပါဝင်ခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် တောထဲယာခင်းနေရာတွင် တစ်နှစ်ကြာသည့်တိုင်မည်သူမှ ထွန်ယက်ခြင်းမရှိဘဲ ထားလေသည်။သို့အတွက်ကြောင့် သေဆုံးသွားသော ပြည်သူများ၏ အရိုးများ၊မီးသွေးစများ ၊ အရည်ပျော်နေသော ဆိုင်ကယ်အပျက်များမှာ မြက်များ ချုံများအောက်ဝယ် မြှုပ်လျက်ရှိသည်။

မီးရှို့သတ်ဖြတ်ခံရစဥ်ကဟု ယူဆရသော ကြိုးများကိုလည်း ဟိုတစ်စ သည်တစ်စ တွေ့ရသည်။ အရိုးစများမှာလည်း ပေါက်လက်စ ပဲစဉ်းငုံခင်းထဲတွင် ပြန့်ကြဲနေသည်။

ကျွန်ုပ်တို့ သွားရောက်ကြသည့် အဖွဲ့သည် မြက်များ ခြုံများကို ရှင်းလင်းပစ်ကြပြီး တောတဲတစ်တဲမှ မီးလာင်ထားသည့် သံသေတ္တာထဲတွင် အရိုးများကို စုဆောင်းကြသည်။

တွေ့ရှိရသော အရိုးများတွင် ကလေးငယ်၏ သွားများ အရိုးများကိုလည်းတွေ့ရှိရပြီး အသက်ကြီးပိုင်းများ၏ ညှပ်ရိုး၊ နံရိုး၊ အောက်မေးရိုး ၊ဒူးရိုး ၊တံတောင်ရိုး သွားများကို များစွာတွေ့ရှိရသည်။

အခြားသော အရည်ပျော်ကျနေသော ဆိုင်ကယ် သတ္ထုများ ၊ ပုလင်းကွဲများကိုလည်း မှတ်တမ်း အနေဖြင့် သံသေတ္တာထဲထည့်၍ သိမ်းဆည်းခဲ့သည်။

အဆိုပါ မီးရှို့ခံရသည့် နေရာကို သန့်ရှင်းရေးလုပ်၍ တောတောင်များထဲမှ အင်ကြင်းကျောက်ခဲများ ယူဆောင်၍ စုပုံကာ နေရာ မပျောက်ပျက်စေရန် ကျောက်ပုံကြီးတစ်ခု ဖန်တီးပြီး နေရာအနီးတစ်ဝိုက်ကို သစ်ငုတ်တိုင်များစိုက်ထားခဲ့ကြသည်။

လမ်းခုလတ်တစ်နေရာမှာတင် မကြွေသင့်ဘဲ ခြွေလွှင့်ခံရသော ပြည်သူများအား အောက်မေ့ အမှတ်ရသောအားဖြင့် အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

-----------------------

ဇီးပင်တွင်းရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့ ညနေပိုင်းက ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များနှင့် ဒေသခံပြည်သူများ တိုက်ပွဲ ဖြစ်ခဲ့သည်။

ဒေသခံ ရွာသားတချို့နှင့် တော်လှန်ရေးတပ်သားတချို့ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေကြရာ ဇီးပင်တွင်းရွာအနောက်ဘက် သုံးမိုင်အကွာ ယာခင်းများထဲတွင် ရှာဖွေကြရာ ဦးကံလှိုင်၏ ယာခင်းအတွင်း ဒဏ်ရာများနှင့် ကြိုးများတုပ်၍ ဇီးပင်၌ လည်ပင်းမှ ချိတ်ဆွဲ၍ပစ်သတ်ခံရသော အသက် (၇၅)နှစ်အရွယ် ဦးကံလှိုင်၏ ရုပ်အလောင်းကိုတွေ့လေသည်။

ဦးထူး၏ ယာခင်းအတွင်း၌ အသက် (၇၁) နှစ်အရွယ် မွေးရာပါ ခြေလက် အင်္ဂါမသန်စွမ်းသူ ဦးထူး၏ရုပ်အလောင်းကိုတွေ့ရှိရလေသည်။

ဦးကံလှိုင် ယာခင်း၏ အနောက်ဘက် ယာခင်းတွင် မြေပြင်၌ လဲလျက် ရုပ်အလောင်း တစ်လောင်း ၊ ဦးကံလှိုင်၏ ယာခင်း ပဲစင်းငုံခင်းများထဲတွင် မြေပေါ် လဲကျနေသော ရုပ်အလောင်း တစ်လောင်းကို တွေ့ရှိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့ တွင် ပျောက်ဆုံးနေသောပြည်သူများ ကျန်ရှိနေသဖြင့် လိုက်လံရှာဖွေကြရာ ကိုစန်းယု၏ ယာခင်းအတွင်း အရှေ့ဘက်ရှိ ထန်းပင် နှစ်ပင်ကြား ထန်းသီးမြှုပ်နှံရာ ကျင်းအတွင်း ရုပ်အလောင်း နှစ်လောင်း ၊ ၄င်း၏ ယာခင်းအတွင်း ကျင်းတစ်ခုထဲတွင် မြှုပ်နှံထားသော ရုပ်အလောင်း လေးလောင်း၊ အခြားကျင်းတစ်ခုထဲတွင် မြှုပ်နှံထားသော ရုပ်အလောင်း နှစ်လောင်းကို တူးဖော်တွေ့ရှိခဲ့ပြီးနောက် ပြန်လည်မြှုပ်နှံခဲ့သည်။

တွေ့ရှိခဲ့သော ရုပ်အလောင်းများမှာ ဇီးပင်တွင်းရွာမှ နှစ်ဦး ၊ ချင်းပုန်းရွာမှ တစ်ဦး ၊ သမင်ရပ်ရွာမှ တစ်ဦး ၊ သလောက်ရွာမှ တစ်ဦး ၊ မုံရွာမှ ခုနစ်ဦး ဖြစ်ကြောင်းသိရသည်။

ရုပ်အလောင်းများအားလုံးတွင် တူညီသောလက္ခဏာများမှာ တစ်ကိုယ်လုံးညှဥ်းပမ်းရိုက်နှက် ဖူးယောင်ဒဏ်ရာများ၊သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြခြင်းဖြစ်သည်။

သေဆုံးရုပ်အလောင်းများတွင် ချင်းဘုန်းရွာ နှင့် သလောက်ရွာမှ ရုပ်အလောင်း နှစ်လောင်းမှလွဲ၍ ကျန် ရုပ်အလောင်းများမှာ အဆိုပါ ယာခင်းများအတွင်း၌ မြှုပ်နှံထားဆဲဖြစ်သည်။

ကျွန်တော့အနေနှင့် အဆိုပါ ဇီးပင်တွင်းရွာအနီး ယာခင်းများထဲရှိ အပြစ်မဲ့အသတ်ခံရသည့် ပြည်သူများ၏ ရုပ်အလောင်းများ မြှုပ်နှံထားရာနေရာများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နှင့် ဇူလိုင်လ ၁၈ ရက်နေ့က အောက်မေ့အမှတ်ရသောအားဖြင့် သွားရောက်အလေးပြုခဲ့သည်။

အဆိုပါရုပ်အလောင်းများ မြှုပ်နှံထားရာနေရာများကို ဒေသခံတောင်သူများမှာ ယာခင်းများစိုက်ပျိုးထွန်ယက်ရာတွင် ကွင်းရှောင်၍ ထွန်ယက်ကြသည်ကို တွေ့ရလေသည်။

ကနီမြို့နယ်တွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများက တစ်နှစ်ပင် ကြာခဲ့ပြီဖြစ်သော်လည်း ဘယ်သောအခါမှ မေ့ဖျောက် မေ့ပျောက်၍ မရနိုင်ပေ။

စစ်ကောင်စီက အာဏာသိမ်းခဲ့၍ ထိုကဲ့သို့ သွေးစွန်းခဲ့ခြင်းဖြစ်ရာ သွေးဆူဆူနဲ့ ကျွန်ုပ်တို့ပြည်သူအားလုံး သွေးကြွေးပြန်ယူကြရပါလိမ့်မည်။

ထို့ကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များကို မေ့၍ ရေသာခို အချောင်လိုက် နေသာသလို နေပါက လူမဆန်ရာ ရောက်သကဲ့သို့ စစ်ကောင်စီကို ထောက်ခံအားပေးသကဲ့သို့ပင်ဖြစ်သည်။

ကနီနယ်အတွင်း ဖြစ်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဖြစ်စဉ်များသည် ရာဇဝင်လာစကား ယုံတမ်းစကားမဟုတ် ၊ ပုံပြင် ဒဏ္ဍာရီ မဟုတ် ၊ အနော်ရထာမင်း ၊ဘကြီးတော်ဘုရား ၊ဘိုးတော်ဘုရား လက်ထက်က ဖြစ်ရပ်များလည်း မဟုတ် ၊၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ခဲ့သော လမ်းခုလပ် တစ်နေရာတွင် မကြွေသင့်ဘဲ ခြွေလွှင့်ခံခဲ့ရသော ကျွန်ုပ်တို့၏ နွေဦးသူရဲကောင်း အာဇာနည်များပင်ဖြစ်သည်။

ကနီ ဇူလိုင် အာဇာနည်များကို ကျွန်ုပ်တို့ အနေနှင့် ဘယ်တော့မှ မေ့မရနိုင်တော့ပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly