စစ်ကောင်စီက သေဒဏ်ကျခံနေရသူများကို မိသားစုနှင့်ပေးတွေ့မှုများရှိလာသဖြင့် အသက်အန္တရာယ် အတွက် စိုးရိမ်နေကြ

စစ်ကောင်စီက သေဒဏ်ကျခံနေရသူများကို မိသားစုနှင့်ပေးတွေ့မှုများရှိလာသဖြင့် အသက်အန္တရာယ် အတွက် စိုးရိမ်နေကြ

ဇူလိုင်လ ၂၇ ရက်

ဒီမိုကရေစီလှုပ်ရှားမှုများကြောင့် သေဒဏ်ကျခံနေရသူများကို စစ်ကောင်စီဘက်မှ မိသားစုနှင့်တွေ့ခွင့် ပေးမှုများ ယခုရက်ပိုင်းတွင်းရှိလာသည်ဟု သိရသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦး သေဒဏ်စီရင်ခြင်းခံရပြီး နောက်တွင် အခြားသောသေဒဏ်ကျခံနေသူများကို မိသားစုနှင့်တွေ့ဆုံခွင့်ပေးမှုများရှိလာကြောင်း နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုသည်။

“ ဒီကြားထဲမှာသူတို့က အခြားသေဒဏ်ကျခံနေရတဲ့မိသားစုဝင်တွေကို ပေးတွေ့တာရှိလာတယ်။ မိသားစု နဲ့ကာယကံရှင်တွေနဲ့တွေ့ပြီးနောက်မှာ သေဒဏ်ချမှတ်ခဲ့တာရှိတယ်လေ။ အခုလည်း မိသားစုတွေနဲ့ ပေး တွေ့နေတာသည် သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်အတွက် အလွန်အမင်းစိုးရိမ်မကင်းဖြစ်ရတယ်” ဟု ၎င်းကဆိုသည်။

လူဦးရေအတိအကျကို ပြောကြားနိုင်ခြင်းမရှိသော်လည်း ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် တွေ့ဆုံရန် အကြောင်းကြားခဲ့မှုများနှင့် ပေးတွေ့မှုများရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးဂျင်မီတို့ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မိသားစုဝင်များနှင့်ပေးတွေ့ပြီးနောက် စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး အကြမ်းဖက်နှိမ်နင်းရေးနှင့်လုံခြုံရေးမှ တပ်ရင်း တစ်ရင်းလုံး စောင့်ကြပ်ကာ ဇူလိုင်လ ၂၃ ရက်နေ့က စီရင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်လက်ပြီးလည်း သေဒဏ်စီရင်မှုများ ထပ်မံရှိလာနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ခုကဆို သည်။ ၎င်း၏ပြောပြချက်အရ သေဒဏ်ချမှတ်ခံရသူများအားလုံးကို စီရင်မှုများရှိနိုင်ကြောင်းသိရသော် လည်း မဇ္ဈိအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင်လ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီမိုကရေစီလှုပ်ရှားသည့်အတွက် ဦးဂျင်မီတို့ကိုစီရင်ခဲ့ခြင်းမဟုတ်ကြောင်း တုံ့ ပြန်ပြောဆိုခဲ့သည်ကို တွေ့ရသည်။

“ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို လုပ်တဲ့အတွက်ဆိုပြီး မဟုတ်မမှန်ပြောနေတာရှိတယ်။ ကျနော်တို့ အရေးယူခဲ့တာ အဲဒါနဲ့ဘာမှမဆိုင်ဘူး” ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီဘက်မှ သေဒဏ်ကိုအမှန်တကယ် စီရင်မှုများရှိနေသဖြင့် သေဒဏ်ကျခံ ထားရသူများ၏ မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိနေသည်။

“ဘာပဲပြောပြောလေ။ အရင်ကဆို ကိုယ့်လူက အထဲမှာ ကျန်းကျန်းမာမာရှိနေတော့ စိတ်အေးရတယ်။ အခုလိုဖြစ်လာတော့ အခုဆို ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိဘူး။ စိတ်ညစ်ရတယ်” ဟု သေဒဏ် ချမှတ်ခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ထုတ်ပြန် ထားသည့်စာရင်းများအရ သေဒဏ်ချမှတ်ခံရသူစုစုပေါင်း ၁၁၃ ဦးရှိနေပြီး ၎င်းတို့ထဲတွင် မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၄၁ ဦးပါဝင်သည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် နေ့စဉ်နှင့်အမျှ ပြည်သူလူထုကို သတ်ဖြတ်မှုများပြုလုပ် နေခြင်းဖြစ်သည်။ AAPP မှ ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၅၄၁ ရက်အတွင်း လူပေါင်း ၂၁၂၃ ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။ အဆိုပါအရေအတွက်သည် စစ်ကောင်စီတပ်က ပြည်သူသုံးဦးခန့်ကို နေ့စဉ်သတ်ဖြတ်နေ ကြောင်း ပြသနေခြင်းဖြစ်သည်။

ပုံစာ - စစ်ကောင်စီလက်အောင်ခံအကျဉ်းထောင်တစ်ခုကို ယခင်က ရိုက်ကူးထားသောပုံဖြစ်ပါသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly