အာဖဂန်တွင် တာလီဘန် ထိန်းချုပ်ပြီးနောက် ပန်ဂျ်ရှားပြည်နယ်မှ မိသားစု ရာပေါင်းများစွာ နေရပ်စွန့်ခွာရ

အာဖဂန်တွင် တာလီဘန် ထိန်းချုပ်ပြီးနောက် ပန်ဂျ်ရှားပြည်နယ်မှ မိသားစု ရာပေါင်းများစွာ နေရပ်စွန့်ခွာရ

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ပြီးနောက် ပန်ဂျ်ရှားပြည်နယ်မှ မိသားစု ၇၀၀ ကျော်တို့သည် လုံခြုံရေး အကြောင်းရင်းများကြောင့် ပါဝမ်ပြည်နယ်သို့ ရွှေ့ပြောင်း ထွက်ခွာခဲ့ကြရသည်။

“မိသားစု ၇၄၈ စုဟာ ပန်ဂျ်ရှားကနေ ပါဝမ်ကို ထွက်ပြေးရောက်ရှိခဲ့ကြပါတယ်။ ပဋိပက္ခ တိုက်ပွဲကြောင့် သူတို့ဟာ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာခဲ့ကြရတာပါ” ဟု ပါဝမ် ပြည်နယ်၏ ဒုက္ခသည်နှင့် နေရပ်ပြန်သူများရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖာရာအီဒွန်း နိုးရီက ပြောကြောင်း Tolo News က ဖော်ပြသည်။

ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နေအိမ်ကို စွန့်ခွာခဲ့ရကြောင်း ပန်ဂျ်ရှားပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတစ်ဦးဖြစ်သည့် အသက် ၉၀ နှစ်အရွယ် ဘီဘီ ဘီဂွမ် အမည်ရှိ အဘွားအိုတစ်ဦးက ပြောသည်။ သူမသည် ယခုအခါ ပါဝမ်ပြည်နယ် မြို့တော် ချာရစ်ကာမြို့၌ အခန်းကျဉ်းတစ်ခုတွင် မိသားစုနှင့်အတူ နေထိုင်နေရသည်။

“ကျွန်မတို့ အဝတ်အစားတွေတောင် ယူခွင့်မရခဲ့ပါဘူး။ လက်ဖက်ရည်တစ်ခွက်တောင် သောက်ချိန် မရလိုက်ဘူး။ ချာရစ်ကာကို လာခဲ့ကြရတယ်။ ပြီးတော့ ဒီမှာ ဘာစားစရာမှ မရှိဘဲ နေနေရတယ်” ဟု ဘီဘီ ဘီဂွမ်က ပြောသည်။

“ပန်ဂျ်ရှားက အိမ်ကနေ ကျွန်တော်တို့ ထွက်လာတာ ခုဆို တစ်လရှိသွားပါပြီ။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဟာ ဘာတစ်ခုမှ ယူမလာနိုင်ခဲ့ပါဘူး” ဟု အခြား ပြည်သူတစ်ဦး ဖြစ်သည့် ဒီလာဝါက ပြောသည်။

“သူတို့ (တာလီဘန်) က ကျွန်တော်တို့ကို ရိုက်နှက်ခဲ့ကြတယ်။ ကျွန်တော်တို့ကို လက်နက်တွေ ယူထားသလား၊ ခုခံတော်လှန်ရေးအဖွဲ့ဝင်တွေလား၊ ဂါနီ အစိုးရမှာ ပါခဲ့သလား ဆိုပြီး မေးခဲ့ကြတယ်” ဟု အခြားသော ပြည်သူတစ်ဦးဖြစ်သည့် မိုဟာမက် ဟာနိဖ်က ပြောသည်။

ပါဝမ်ပြည်နယ်သို့ မိသားစုများ ရောက်ရှိသွားကြောင်း ပန်ဂျ်ရှား ပြည်နယ်မှ ဒေသတာဝန်ရှိသူများက အတည်ပြုပြီး နေရပ်စွန့်ခွာသည့် မိသားစုတစ်ချို့ ပန်ဂျ်ရှားပြည်နယ်တွင် မရှိတော့ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly