တရုတ်ချစ်ပ်ပြားထုတ်လုပ်သူများက အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်

တရုတ်ချစ်ပ်ပြားထုတ်လုပ်သူများက အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်

တရုတ်နိုင်ငံ၏ ထိပ်တန်း ချစ်ပ်ပြားထုတ်လုပ်သူ Semiconductor Manufacturing International Corp (SMIC) သည် ၎င်း၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ရည်ရွယ်သော အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများရှိနေသည့်ကြားက အဆင့်အမြင့်ဆုံး အနောက်တိုင်းစံနှုန်းအတိုင်း ချစ်ပ်ပြားများကို တိတ်တဆိတ် ထုတ်လုပ်လျက်ရှိကြောင်း ဇူလိုင် ၂၁ ရက်တွင် Bloomberg က ဖော်ပြသည်။

ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ၇-နာနိုမီတာ နည်းပညာကို အသုံးပြု၍ ဘစ်ကွိုင်ပြုလုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ထုတ်လုပ်ခဲ့ကြောင်း စက်မှုနယ်ပယ် သတင်း ဘလော့ဂ်တစ်ခုဖြစ်သည့် Tech Insights ၌ ရေးသားထားသည်။

ချစ်ပ်ပြား၏ နာနိုမီတာသည် ပါဝင်သော ထရန်စစ္စတာများ၏ အရွယ်အစားကို ရည်ညွှန်းသည်။ ၁ နာနိုမီတာ သည် ၁ မီတာ၏ သန်းတစ်ထောင်ပုံ တစ်ပုံနှင့်ညီမျှပြီး နံပါတ်ငယ်လေ ချစ်ပ်တစ်ခု၌ ထရန်စစ္စတာပိုဝင်ဆံ့ပြီး ချစ်ပ်သည် ပိုမိုမြန်ဆန်ပြီး မိုမိုထိရောက်မှုရှိမည်ဖြစ်သည်။

SMIC သည် ယခင်က ၁၄ နာနိုမီတာ ချစ်ပ်များကို ထုတ်လုပ်ခဲ့ပြီး အမေရိကန်က ယင်းအဆင့်ထက် ကျော်လွန် သော တီထွင်ထုတ်လုပ်မှုမှန်သမျှကို ကန့်သတ်ရန် ကြိုးစားခဲ့သည်။ ထရမ့်အစိုးရက ၁၀ နာနိုမီတာနှင့် အထက် တစ်ပိုင်း လျှပ်ကူးပစ္စည်းများထုတ်လုပ်ရန်အသုံးပြုသည့် စက်ပစ္စည်းများတင်ပို့မှုကို ၂၀၂၀ ခုနှစ်တွင် တားမြစ်ခဲ့ပြီး တရုတ်ကုမ္ပဏီအား ရောင်းချခြင်းမပြုရန် အမေရိကန်ကုမ္ပဏီများအား တားမြစ်ထားသလို ဘိုင်ဒင်အစိုးရက ဂျာမနီကုမ္ပဏီ ASML ကိုလည်း တရုတ် SMIC ကုမ္ပဏီသို့ ရောင်းချခြင်းမပြုရန် ဖိအားပေးလျက်ရှိသည်။

ထိုင်ဝမ် TSMC နှင့် တောင်ကိုရီးယား Samsung ကုမ္ပဏီတို့က ၇-နာနိုမီတာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရန် နည်းပညာမြင့် ပစ္စည်းများကို အသုံးပြုကြပြီး အမေရိကန်အခြေစိုက် Intel က လာမည့်နှစ်တွင် ၇-နာနိုမီတာ ကိုယ်ပိုင်ချစ်ပ်များကို ထုတ်လုပ်ရန် ရည်မှန်းထားသည်။

SMIC တရုတ်ကုမ္ပဏီအနေဖြင့် ရုရှားနှင့် ဘီလာရုစ်သို့ တစ်ပိုင်းလျှပ်ကူးကိရိယာများ ဆက်လက်တင်ပို့ပါက ထုတ်လုပ်သည ဆော့ဖ်ဝဲလ်စနစ်ကို ရပ်ဆိုင်းမည်ဟု အမေရိကန်ကုန်သွယ်ရေးဌာနက မတ်လတွင် ခြိမ်းခြောက် ခဲ့သည်။ SMIC ကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် တရုတ်အစိုးရက ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်မည်မဟုတ်ကြောင်းနှင့် ရုရှားနှင့် ပုံမှန်ကုန်သွယ်မှု၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ 

တရုတ်အစိုးရက ထိုသို့အကျပ်အတည်းတွေ့နေချိန်တွင် SMIC ကုမ္ပဏီက ရုရှားဖောက်သည်များမရှိကြောင်းနှင့် အမေရိကန်၏ အရေးယူဒဏ်ခတ်မှုများနှင့်အညီ အမြဲလုပ်ဆောင်ကြောင်း အတိအလင်း ရှင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly