၈၈ မျိုးဆက်နိုင်ငံရေးသမား ဦးဂျင်မီ နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်

၈၈ မျိုးဆက်နိုင်ငံရေးသမား ဦးဂျင်မီ နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်

ဇူလိုင်လ ၂၅ ရက်

ရန်ကုန်မြို့ရဲ့ အင်းစိန်ထောင်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ဟစ်ဟော့တေးသံရှင်ဖြစ် သူ ဦးဖြိုးဇော်ယျာသော်၊ ၈၈ မျိုးဆက်နိုင်ငံရေးသမား ဦးဂျင်မီအပါဝင်လေးဦးကို စစ်ကောင်စီက သေဒဏ် စီရင်ပြီးစီးကြောင်း လူသိရှင်ကြားကြေညာခဲ့ပေမဲ့ ဦးဂျင်မီတို့မိသားစုက ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန် က လက်မခံ၊ အတည်မပြုနိုင်ဘူးဟု ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်က ဦးဂျင်မီ၏ညီမဖြစ်သူနှင့် သေဒဏ်ချမှတ်ခဲ့ထားရသည့် ဦးဂျင်မီတို့ အွန်လိုင်းရုပ်သံအပလီကေးရှင်းမှတစ်ဆင့် မိနစ် ၂၀ ကျော်ကြာ စကားပြောခွင့်ရခဲ့သည်။

မိသားစုဝင်အချင်းချင်းစကားပြောခဲ့ရာတွင် အသက် ၅၅ နှစ်ကျော်အရွယ် ဦးဂျင်မီသည် သေဒဏ်ချမှတ် ခံထားရသည့် အကျဉ်းသားများအတွက်သီးသန့်ဝတ်စုံဖြစ်သော လိမ္မော်ရောင်ဝတ်စုံဖြင့် မြင်တွေ့ခဲ့ရပြီး ၎င်းကိုချုပ်နှောင်ထားသည့် တိုက်အတွင်းမှာဖြစ်ကာ ဦးဂျင်မီ၏အနောက်နှင့် ဘေးပတ်ပတ်လည်တွင် ထောင်ဝန်ထမ်းများရှိနေပြီး အချို့က ဖုန်းဖြင့်မှတ်တမ်းတင်နေတာကို မြင်တွေ့ခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့မိသားစုဝင်နဲ့ တွေ့ရခြင်းမှာ လေးလနီးပါးအကြာတွင် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ထောင်မှတဆင့် ဦးဂျင်မီ၏ညီမ ဖြစ်သူထံဆက်သွယ်လာခြင်းဖြစ်ပြီး နောက် ၁၄ ရက်အကြာတွင် ထပ်မံ တွေ့ဆုံရန်လည်းတောင်းဆိုခဲ့ကြောင်း ရင်းနှီးသူတစ်ဦးက ပြောသည်။

မိသားစုဝင်တွေ့နဲ့တွေ့ဆုံမှုက တစ်ယောက်ချင်းစီသာ တွေ့ဆုံမှုရှိခဲ့ပြီး ဦးဖြိုးဇေယျာသော်မိသားစုဝင်နှင့် တွေ့ဆုံမှု ရှိ မရှိကို မသိကြောင်း ဖြေကြားသည်။

“ တစ်ခြားထူးခြားတာ မပြောဖြစ်ကြဘူး။ မောင်နှမနှစ်ယောက် စကားပဲပြောဖြစ်တယ်။ ဘာစားချင်လဲ၊ ဘာယူခဲ့ပေးရမလဲ၊ ဘာလုပ်ပေးခဲ့ရမလဲ၊ ကျန်းမာရေးဘယ်လိုရှိလဲ အဲဒါတွေပြောဖြစ်တယ်။ အထူးတိုက် မှာနေရတယ်ပြောပြတယ်။ ကြက်သားဟင်းနဲ့ငါးဟင်း ချက်လာတယ်ပြောတယ်။ ဂျင်မီက ငါးဟင်းမစား ဘူးတဲ့ ဇေယျာသော်က စားတယ်။ တစ်ခြားသူတွေကိုလည်း ကျွေးလိုက်ဖို့ပြောလိုက်တယ်” ဟု မောင် နှစ်မနှစ်ယောက်တွေ့ဆုံမှုကို ရင်းနီးသူတစ်ဦးက ပြန်လည်ပြောပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်မှာ စစ်ကောင်စီက ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပါဝင် လေးဦးကို သေဒဏ်စီရင်ချမှတ်ပြီးဖြစ်ကြောင်း မိသားစုဝင်များသိရှိပြီးနောက် နံနက် ၁၀ နာရီခန်တွင် ဦးဂျင်မီ၏ညီမဖြစ်သူက ဦးဂျင်မီ၏ရှေ့နေဦးရဲအောင်နှင့်မိတ်ဆွေများဖြင့် သွားရောက်စုံစမ်း အတည်ပြု နိုင်ရန်လုပ်ဆောင်ခဲ့ကြသည်။

ဦးဂျင်မီရဲ့ညီမ ဖြစ်သူအနေဖြင့် စိတ်ရှုပ်ထွေးမှုတွေကြောင့် မီဒီယာများကိုဖြေကြားရန် ခေတ္တငြင်းဆန် ထားပြီး အင်းစိန်ထောင်အနေဖြင့် အတိအကျအဖြေမပေးမှုနှင့်အတူ ဦးဂျင်မီသေဆုံးသည့် ရုပ်အလောင်း၊ ဓာတ်ပုံတို့ မရရှိတာကြောင့် အတည်မပြုဘူးဟု ရင်းနှီးသူတစ်ဦးက ပြောသည်။

မိသာစုးနှင့်ရင်းနှီးသူက “ ထောင်ဗူးဝမှာ တွေ့ခွင့်တောင်းတဲ့ဖောင်ဖြည့်ပြီး သွားတွေ့ဖို့လုပ်ကြတယ်။ ထောင်ပိုင်ရုံးရောက်တော့ ဒုထောင်ပိုင်နဲ့တွေ့တော့ သတင်းတွေကြားလို့လာစုံစမ်းတာပါလို့ ပြောတယ်။ ဒုထောင်ပိုင်က အဲဒါအတည်ဖြစ်ပါတယ်လို့ ပြောတယ်။ ကြိုးပေးသတ်လိုက်တာလားလို့ ထပ်မေးတော့ အဲဒါတော့ဖြေလို့မရဘူး ပြန်ဖြေတယ်။ ဘယ်နေ့၊ ဘယ်အချိန်က ကြိုးပေးတာလည်းလို့ ထပ်မေးတော့ အဲဒါလည်းဖြေလို့မရဘူးလို့ ထပ်ဖြေတယ်။ ကျမတို့မိသားစုဝင်ပါ Dead Body လိုချင်ပါတယ် ပေးပါလို့ ပြောတော့ ပေးခွင့်မရှိပါဘူး ပေးလို့မရပါဘူးလို့ ဖြေတယ်။ အဲဒါနဲ့ပြန်လာခဲ့ရတယ်။ အခုတရားဝင် ထပ် မေးဖို့ စာနဲ့လုပ်နေပါတယ်” ဟုထပ်မံဖြေကြားသည်။

ဦးဂျင်မီ၏ အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူမှာ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဇွန်လ ၄ ၊ ဇွန်လ ၁၁ ရက်နေ့တို့က ဦးဂျင်မီ၏သတင်းနှင့်ပတ်သက်ပြီး နှလုံးခုန်နှုန်း ၁၉၀ ၊ ၂၀၀ နီးပါးဖြစ်ခဲ့သော ကြောင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံသို့ အရေးပေါ်ပို့ခဲ့ရပြီး ယနေ့ သတင်းနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူက သိရှိထားကြောင်းသိရသည်။

ဦးဂျင်မီ၏အမျိုးသမီး မနီလာသိန်းက “ ကိုဂျင်မီ ရုပ်အလောင်းမတွေ့မချင်း ဆွမ်းမသွတ်ပါ၊ အမျှမဝေပါ၊ နာရေးမလုပ်ပါ “ ဟု လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဦးဂျင်မီသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီး ခံခဲ့ရသည်။ ဂီတသမားလည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်ပြီး မဲမသမာမှုပြုလုပ်သည့်ဟုစွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတာ်အာဏာကိုသိမ်းသည့်အချိန်မှစတင်ပြီး စစ်ကောင်စီကိုတွန်းလှန်ရာ၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော် ကို ရန်ကုန်မြို ဒဂုံဆိပ်ကမ်းမြို့နယ် တိုက်ခန်းတစ်ခုအတွင်း စစ်တပ်နှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးဖြိုးဇေယျာသော်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုရေးကောင်စီကိုဆန့်ကျင်သည့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ကို တည်ထောင်သူတစ်ဦး ဖြစ်ပြီး ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ကဖမ်းဆီးခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလ ၁၇ ရက် နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် ပုဗ္ဗသီရိမြို့နယ် ကိုယ်စားဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၅ ခုနှစ်တွင် ဇမ္ဗုသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိခဲ့ ပေ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဦးဇေယျာသော်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်စီရင်မည်ဟု အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ဇွန်လ ၃ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့ခြင်းကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများပြု လုပ်ခဲ့ သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိနေပြီး ၎င်းတို့ထဲမှ အသက် ၁၈ နှစ်အောက်နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံအတွင်းထင်ရှားသည့် ကြိုးမိန့်ကျခံသူများမှာ ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဂဠုန်ဆရာစံ၊ ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဂဠုန်ဦးစော ၊ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဆလိုင်းတင်မောင်ဦး နှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရ တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly