ထင်ရှားသည့်ခေါင်းဆောင်များကို သတ်ပြ၍ အကြောက်တရားဖြင့်အုပ်ချုပ်ရန် ကြံရွယ်နေဟု GSCB ထုတ်ပြန်

ထင်ရှားသည့်ခေါင်းဆောင်များကို သတ်ပြ၍ အကြောက်တရားဖြင့်အုပ်ချုပ်ရန် ကြံရွယ်နေဟု GSCB ထုတ်ပြန်

ဇူလိုင်လ ၂၅ ရက်

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များကို သတ်ဖြတ်ပြခြင်းအားဖြင့် တိုင်းပြည်ကို အကြောက်တရားနှင့် ဆက်လက်အုပ်ချုပ်ရန် ကြံရွယ်နေကြောင်း GSCB မှ ယနေ့ ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်သည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည့်လုပ်ရပ်သည် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဆိုသည့် နိုင်ငံရေးလုပ်ငန်းစဥ်များနှင့် မထိုက်တန်သော ဖက်ဆစ် စစ်အာဏာရှင် သရုပ်သကန်ကို အပြည့်အဝပြသနေကြောင်းလည်း ဆိုသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ဥပဒေ၊ နိုင်ငံတရားစီရင်ရေးစနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး လူသတ်မှုကို ပြောင်ကျကျ ကျူးလွန်နေသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ အကြမ်းဖက်အဖွဲ့အစည်းသဖွယ် ရာဇဝတ်မှုကျူးလွန်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ စစ်အုပ်စု၏ အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့အား အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန်နှင့် ဖက်ဆစ်တော်လှန်ရေးကို ပါဝင်နိုင်သမျှအပြည့်အဝ ပါဝင်တော်လှန်ကြပါရန် GSCB က တောင်းဆိုထားသည်။

လက်ရှိမြန်မာစစ်တပ်သည် မင်းအောင်လှိုင်၏လုပ်ရပ်ကို တာဝန်ခံကာကွယ်နေသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းမဟုတ်တော့ဘဲ နိုင်ငံရေးအကြမ်းဖက်အစုအဖွဲ့သာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါဖြစ်စဉ်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ကဆွဲနှုတ်ရန်၊ ဖက်ဆစ်စစ်တပ်ကို အပြီးသတ်ချေမှုန်းရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော်တစ်ခုကို တည်ထောင်ရန်ဟူသော သမိုင်းလိုအပ်ချက်ကိုဖော်ပြနေသည့် ဖြစ်စဥ်တစ်ခုဟု GSCB က သုံးသပ်သည်။

ထို့ကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများဖြစ်သည့် NUCC, NUG နှင့် CRPH အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွေ့ကျသည့် လုပ်ငန်းစဥ်များ ချမှတ် အကောင်အထည်ဖော်ခြင်းကို ညီညွတ်သည့် အခြေခံဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရန် GSCB က တောင်းဆိုခဲ့သည်။

အလားတူ ERO များ၊ PDF များနှင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်းပြုလုပ်ပါရန်၊ ထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ပါရန်နှင့် သမိုင်းလိုအပ်ချက်အရ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော်ဖြစ်ပေါ်လာရေးကို ယခုအချိန်မှစ၍ ကြိုးပမ်းအားထုတ်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဓမ္မ လိုလားသူတိုင်း အဓမ္မကို အပြည့်အဝ ဆန့်ကျင်ကြရန် အခြေအနေက နောက်ဆုံး အဆုံးအဖြတ် တောင်းခံလာပြီ ဖြစ်ကြောင်း ” လည်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၏ ယနေ့ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly