ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကိုသေဒဏ်စီရင်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း KNUပြော

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကိုသေဒဏ်စီရင်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း KNUပြော

ဇူလိုင်လ ၂၅ ရက်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီအနေဖြင့် သေဒဏ်ချမှတ်လိုက် သည့်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက မဇ္ဈိမသို့ပြောသည်။

“တိုင်းပြည်မှာနေ့စဉ်နှင့်အမျှဖြစ်နေတဲ့ သတ်တာဖြတ်တာတွေက နေရာတိုင်းမှာဖြစ်နေတာဆိုတော့ ကျနော်တို့အနေနဲ့ လုံးဝ မအံ့ဩဘူး။ သို့သော်ငြားလည်း ဒီဟာပေါ်မှာ ကျနော်တို့အနေနဲ့ လုံးဝအပြင်းအထန်ရှုတ်ချတယ်။ ကန့်ကွက်တယ်။ လုံးဝမဖြစ်သင့်တဲ့ ဟာပေါ့နော်။နိုင်ငံတကာကနေ သူ့ကို ဒီလိုမလုပ်ရဘူးလို့ပြောတာ သိပ်မကြာသေးဘူး။ ဒါပေမယ့် လုပ်ချလိုက်တာပဲလေ“ ဟု မဇ္ဈိမသို့ပြောသည်။

KIA / KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် ပါအဝင် လေးဦးကို သေဒဏ် စီရင်လိုက်ပြီ ဆိုသည့် စစ်ကောင် စီ၏သတင်းထုတ်ပြန်ချက်နှင့်ပက်သက်ပြီး ‘’သတင်းသာမှန်ခဲ့မယ်ဆိုရင် မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်တဲ့သူတွေတောင် နောက်ဆုတ်သွားတော့မှာပါ ’’ နှင့် ‘’ သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’’ ဟု ပုံနှစ်ပုံ ဖြင့် ရည်ညွှန်းပြောဆို ရေးသာထားသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(United League of Arakan)က များစွာထိတ်လန့်တုန်လှုပ်မှုဖြစ်ရသည်ဟု တုံ့ပြန်လိုက်သည်။

“မလုပ်သင့် မလုပ်အပ်သော သေဒဏ်ချမှတ်ခြင်း အလုပ်ကို မလုပ်သင့်သည့် အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ နစက ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့် သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွစိန်ခေါ် လိုက်ခြင်းပင်ဖြစ်သည်” ဟု ယနေ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားလေးဥိီးကို သေဒဏ်ပေးလိုက်ခြင်းက နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းက ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားအလာ လမ်းစကောင်းများကို စစ်ကောင်စီက " ရင့်သီးစွာ ခြေဖြင့်နင်းချေ ဖျက်ဆီးပြလိုက်ခြင်း”ဖြစ်သည်ဟု ပါရှိသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်သည် မကြာသေးခင်ကစ၍ တစ်ကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေခဲ့သည်။

ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ လေးဦးအား စစ်ကောင်စီ၏ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်ကို အတည်ပြုလိုက်ပြီး ကွပ်မျက်ရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီမှ ဇွန်လ ၃ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ပြီးနောက် ဇူလိုင် ၂၅ရက်နေ့တွင် ပြစ်ဒဏ်စီရင် ပြီးစီးကြောင်း ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ဒုတိယထောင်ပိုင်က ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်၏ မိသားစုများကို အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့သို့သေဒဏ်စီရင်ခဲ့မှုသည် သင့်လျော်မှုမရှိသည့်လုပ်ရပ်ကို စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်ပေးနေသည့် ဝါရင့်ရှေ့နေတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

“မြန်မာနိုင်ငံကတော့ သေဒဏ် မပယ်ဖျက်သေးတဲ့ နိုင်ငံဖြစ်တယ်။ သို့သော် နိုင်ငံရေးအရ လှုပ်ရှားတဲ့ သူတွေကို သေဒဏ် စီရင်တာကတော့ ကျနော်တို့မြင်တာကတော့ မသင့်လျော်ဘူး။ အင်မတန်ကို တိုင်းပြည်အတွက် တည်ငြိမ်မှုပျက်ပြားနေတဲ့ ကာလ ၊ အင်မတန်လည်း ထိလွယ်ရှလွယ်ဖြစ်တဲ့ အချိန်မှာ ဒါမျိုးက မသင့်လျော်တဲ့ ကိစ္စလို့မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တွင် သပိတ်တိုက်ပွဲများ ဆင်နွှဲနေသည့် လူငယ်သမဂ္ဂများ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်ထက်က” ရင်နာတယ်။ စစ်ကောင်စီက ယုတ်မာရက်စက်တာ အခုမှမဟုတ်တာဗျာ ။ သူတို့ အာဏာမြဲဖို့ လုပ်စရာရှိတာဆက်လုပ်မှာပေါ့။ ကျွန်တော်တို့လည်းလုပ်စရာရှိတာဆက်လုပ်ရမှာပေါ့ဗျာ” ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခြောက်ခုကို အဆိုပါ မြို့နယ်များထဲမှ စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိနေပြီး ၎င်းတို့ထဲမှ အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly