ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှုအပေါ် NUG ဝန်ကြီးများ ဒေါသတကြီးတုံ့ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှုအပေါ် NUG ဝန်ကြီးများ ဒေါသတကြီးတုံ့ပြန်

ဇူလိုင်လ ၂၅ ရက်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက လျို့ဝှက်စွာသေဒဏ်ချစီရင်လိုက်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးများက ဒေါသတကြီးတုံ့ပြန်လိုက်သည်။

လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက " ထောင်တွင်း လူသတ်မှု" ဟု ခေါ်ဆိုလိုက်ပြီး " အကြမ်းဖက်စစ်ကောင်စီကို အပြီးအပိုင်ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်း လိုတယ်။ ဒီအတိုင်းပဲဖြစ်အောင်လည်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီကိစ္စက သေဒဏ်စီရင်မှု မဟုတ်ပါဘူး။ ထောင်တွင်း လူသတ်မှုဖြစ်တယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေကို သေဒဏ် အကြောင်းပြပြီး သတ်ဖြတ်တဲ့ရာဇဝတ်မှုပဲဖြစ်တယ်။" ဟု ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန်လုပ်နေသော နိုင်ငံခြားတိုင်းပြည်များကိုလည်း သူက သတိပေးလိုက်သည်။

“အခုလုပ်ဆောင်နေတဲ့ ဖိအားတွေထက် ပူးပေါင်းဆောင်ရွက်ဖို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့အကြံအစီ တွေအားလုံးရပ်တန့်ပါ။" ဟု ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက် တောခိုကျောင်းသားဖြစ်ခဲ့သော ဦးအောင်မျိုးမင်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ သူ၏လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဦးတည်ကာ ရေးသားထားသည်။

“ မင်းအောင်လှိုင်အား တရားစီရင်လို့မပြီးမချင်း တော်လှန်ရေးမပြီး။ ပြေးစရာမြေ တစ်လက်မမှ မရှိစေရ ကမ္ဘာဆုံးအောင်လိုက်မယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ ရွေးကောက်ခံလွှတ်တော်အမတ်လည်းဖြစ်သူ ဥိီးရည်မွန်က ဆိုသည်။

ယနေ့ (ဇူလိုင်လ ၂၅ ရက်)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် သေဒဏ်ချခံထားရသော ဦးကျော်မင်းယု(ခ)ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ)မောင်ကျော်၊ ဦးလှမျိုးအောင်(ခ)ကိုမျိုးနှင့် ကိုအောင်သူရဇော်(ခ)ကိုကတုံးတို့လေးဦးကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ခဲ့သည်ဟု ပါရှိသည်။

သို့သော် မည်သည့်နေ့ရက် အချိန်တွင် ပြစ်ဒဏ်စီရင်မှုပြုသည်နှင့် သေဆုံးသူများ၏ရုပ်အလောင်းကို သဂြိုလ်မှုကိုမည်သို့လုပ်ဆောင်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုဘဲထားသည်။

ဉီးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ မိသားစုဝင်များက တိတိကျကျသိနိုင်ရန် ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ထောင်ပိုင်နှင့် သွားရောက် တွေ့ဆုံသော်လည်း တွေ့ခွင့်မရဘဲဖြစ်ခဲ့သည်။ သို့သော် သေဒဏ်ပေးလိုက်ကြောင်း အတည်ပြုချက်ကို ကြားသိခဲ့ရသည်ဟု ၎င်းတို့၏ မိသားစုနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြောသည်။

ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ ဒေါ်သဇင်ညွှန့်အောင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝမ်းနည်းကြောင်းအထိမ်းအမှတ် ပရိုဖိုင်းအနီပြောင်းထားလိုက်သလို " ပြန်ပေးဆပ်ရမည်" ဟုရေးသားထားသည်ကို တွေ့ရသည်။

အသတ်ခံရသူလေးဦး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များအနေဖြင့် ပထမဆုံးနှင့် နောက်ဆုံးတွေ့ခွင့်ရခဲ့သည်မှာ ဇူလိုင်လ ၂၂ ရက်နေ့ညနေကဖြစ်ကာ အွန်လိုင်းဗီဒီယိုမှတဆင့်ဖြစ်သည်။

အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်များအပြောအရ ဇူလိုင် ၂၃ ရက် (စနေနေ့) နံနက်တွင် ကွပ်မျက်လိုက်ခြင်းဖြစ်ပြီး ထိုနေ့မှာပင် ထိန်ပင်သုဿန်တွင် မီးသဂြိုလ်လိုက်သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly