သီရိလင်္ကာအကျပ်အတည်းက ကြွေးမြီဖိစီးနေသော ပါကစ္စတန်အတွက် သတိပေးချက် ဖြစ်ပေါ်စေ

သီရိလင်္ကာအကျပ်အတည်းက ကြွေးမြီဖိစီးနေသော ပါကစ္စတန်အတွက် သတိပေးချက် ဖြစ်ပေါ်စေ

မငြိမ်မသက်ဖြစ်မှုနှင့် မကြုံစဖူးသော နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုကို အစပျိုးဖြစ်ပေါ်စေသော သီရိလင်္ကာ၏ စီးပွားရေး ပြိုလဲမှုက အိန္ဒိယသမုဒ္ဒရာဒေသ၌ သတိပေးချက်များ ထွက်ပေါ်စေခဲ့ရာတွင် ပါကစ္စတန်အတွက် အဆိုးဆုံး ဖြစ်နေသည်ဟု နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကဲခတ်များက ပြောကြသည်။

“ကျွန်တော်တို့ဟာ သီရိလင်္ကာလို အခြေအနေမျိုး ဖြစ်ချင်မှ ဖြစ်နိုင်တယ် ဆိုပေမယ့်လည်း အဲဒီလို အနေအထားမျိုးနဲ့ အရမ်းကြီး အလှမ်းမကွာတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ နှိုင်းယှဉ်ကြည့်လို့ ရတဲ့ လက္ခဏာရပ်တစ်ချို့ ရှိနေပါတယ်။ ကြည့်ရသရွေ့တော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးမှု တွေက အဖြေမပေါ်နိုင်သေးဘဲ ဖြစ်နေတယ်။ မိတ်ဆွေနိုင်ငံတွေဆီကနေ အတော်လေး မျှော်လင့်စောင့်စား နေရတဲ့ ဘဏ္ဍာရေး အကူအညီ အထောက်အပံ့တွေကလည်း ရောက်မလာသေးပါဘူး။ နိုင်ငံဟာ ကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိမနေပါဘူး” ဟု ဂျာနယ်လစ်တစ်ဦး ဖြစ်သည့် ဇာဟစ် ဟူစိန်က ပါကစ္စတန် နေ့စဉ်သတင်းစာ Dawn တွင် သတိပေးရေးသားခဲ့ကြောင်း Islam Khabar ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ပါကစ္စတန်ကဲ့သို့ပင် သီရိလင်္ကာသည် တရုတ်နိုင်ငံထံမှ ချေးငွေအများအပြားနှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူပြီး ကြွေးမြီများ တင်ရှိထားခဲ့သည်။ သီရိလင်္ကာသည် ကြွေးမြီ ပြန်ဆပ်ရန် ပျက်ကွက်ကြောင်း ထုတ်ဖော်ထားပြီး ကြွေးမြီထောင်ချောက်တစ်ခုထဲ ရောက်ရှိနေပြီ ဆိုသော်လည်း တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပါကစ္စတန်သည် သီရိလင်္ကာကဲ့သို့ အခြေအနေမျိုး ဖြစ်ရန် အလွန်နီးကပ်နေသည်။

အဆိုပါ တောင်အာရှ နှစ်နိုင်ငံစလုံးရှိ အဓိက ရင်းနှီးမြှုပ်နှံမှုများက အခြေခံအဆောက်အအုံပိုင်းတွင် ရှိနေပြီး နှစ်နိုင်ငံစလုံးသည် စီးပွားရေး၊ စက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ မရှိခြင်းကြောင့် ၎င်းတို့သည် စီမံခန့်ခွဲရန် ယင်းကဲ့သို့သော ပရောဂျက်များကို တရုတ်ကုမ္ပဏီများထံ အငှားချထားခဲ့ရသည် ဖြစ်ရာ ယင်းက နှစ်နိုင်ငံစလုံးအတွက် နောက်ထပ် ကြွေးမြီများ ထပ်မံတင်ရှိစေကာ ၎င်းတို့ မလွတ်မြောက်နိုင်သည့် ဝဲဩဃတစ်ခုထဲ ထိုးဆင်းကျရောက်ရကြောင်း Islam Khabar ၏ သတင်းတွင် ဖော်ပြသည်။

ပါကစ္စတန်တွင် အစိုးရသစ်တစ်ရပ် ရှိနေသည် ဆိုသော်လည်း အဆိုပါ အစိုးရသစ်သည်လည်း မျက်နှာစာ ပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ 

လက်ရှိအစိုးရသည် ယခင် အတိုက်အခံအဖြစ် ရှိခဲ့စဉ်တုန်းကလည်း နိုင်ငံတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်း မရှိခြင်းအတွက် ယခင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် အစိုးရကို အမြဲတစေ ပြစ်တင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly