ခင်ဦးမြို့နယ် မောင်းကျောက်တောကျေးရွာအနီးတိုက်ပွဲဖြစ်ပွား၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ခင်ဦးမြို့နယ် မောင်းကျောက်တောကျေးရွာအနီးတိုက်ပွဲဖြစ်ပွား၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ဇူလိုင်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မောင်းကျောက်တောကျေးရွာအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လွန်ခဲ့သော သုံးရက်ခန့်မှစတင်ကာ အင်အား ၁၀၀ ခန့်ဖြင့် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

“ မနေ့က မောင်းကျောက်တောရွာနားမှာ မနက်ကတည်းက တိုက်ပွဲဖြစ်တာ နားလိုက် ဖြစ်လိုက်ပေါ့။ ကာကွယ်ရေးတပ်ဘက်က လေးဦးထိတယ် နှစ်ယောက်သေတယ်၊ နှစ်ယောက်ကတော့ မစိုးရိမ်ရဘူး။ တစ်ယောက်က တိုက်ပွဲဖြစ်နေရင်း ဟိုဘက်ကိုကျွံသွားပြီးအဖမ်းခံရတာ မီးရှို့ပြီး အသတ်ခံလိုက်ရတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ယောက်ကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှထိခိုက်မှုကိုမသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၈ နေ့ကလည်း သာဝတ္ထိ၊ မုံလှ၊ ပင်စိမ်းကင်း၊ ငါးရုံကြီး၊ ရှားတော၊ မဒေါင်းကြီး၊ တဲစု၊ ကင်းပြစ်ရွာ စသည့်ကျေးရွာများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကာ စစ်ဘေး ရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများလိုအပ်နေ ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly