မန္တလေးမြို့ကရွှေဆိုင် ဓားပြတိုက်ခံရ၊ ဝန်ထမ်းဒဏ်ရာရကာ ရွှေထည်အများအပြားပါသွား

မန္တလေးမြို့ကရွှေဆိုင် ဓားပြတိုက်ခံရ၊ ဝန်ထမ်းဒဏ်ရာရကာ ရွှေထည်အများအပြားပါသွား

ဇူလိုင်လ ၂၄ ရက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင်းရှိ ရွှေဆိုင်တစ်ခုသည် ယနေ့နေ့လယ်ပိုင်းက ဓားပြတိုက်ခံရမှုဖြစ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်ဒဏ်ရာရကာ ရွှေထည်အများအပြားပါသွားကြောင်း ကနဦးသတင်းရရှိသည်။

၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ) စျေးတိုက်တန်းမြောက်ဘက်တွင်ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို မွန်းလွဲ ၂ နာရီခန့်က ဆိုင်ကယ်တစ်စီးဖြင့်လူနှစ်ဦးရောက်ရှိလာပြီး သေနတ်အတိုနှစ်လက်ဖြင့်ပစ်ခတ်၊ မှန်ကောင်တာများကိုခွဲကာ ရွှေထည်များကို ယူဆောင်သွားသည်ဟုဆိုသည်။

ပတ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်းတစ်ဦးသေနတ်ထိမှန်ဒဏ်ရာရသွားခဲ့ပြီး ရွှေထည်တစ်ပိဿခန့်အထိပါသွားကြောင်း သတင်းရင်းမြစ်တစ်ခုကပြောသည်။ သီးခြားအတည်ပြုချက်ရယူနိင်ခြင်းမရှိပါ။

"ဝန်ထမ်းတစ်ယောက်ကတော့ခြေထောက် သေနတ်ဒဏ်ရာရထားတယ်။အခုစစ်တပ်ကအနီးနားဝန်းကျင်ရော၊မြို့ဝင်မြို့ထွက်တွေရောပိတ်စစ်နေတယ်။"ဟု အနီးနားနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မောသစ်ရွှေဆိုင်သည် ၂၀၂၁ခုနှစ် အောက်တိုဘာလတွင်လည်းသေနတ်ပစ်ဖောက်ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်အမျိုးသမီးသေနတ်ဒဏ်ရာရရှိခဲ့သေးသည်။

ပြည်ကြီးတံခွန်မြို့နယ်က KBZ ဘဏ်ခွဲဟာလည်း ယခုလအတွင်း ဓားပြတိုက်ခံခဲ့ရသော်လည်း တရားခံလွတ်မြောက်နေစဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly