ယူကရိန်းဆိပ်ကမ်း ရုရှဒုံးကျည် ထိမှန်သော်ငြား ဂျုံတင်ပို့မှုအတွက် ဆက်လက်ပြင်ဆင်နေဟု ဆို

ယူကရိန်းဆိပ်ကမ်း ရုရှဒုံးကျည် ထိမှန်သော်ငြား ဂျုံတင်ပို့မှုအတွက် ဆက်လက်ပြင်ဆင်နေဟု ဆို

ဇူလိုင်လ ၂၄ ရက်

ယူကရိန်းတောင်ပိုင်း အိုဒက်ဆာ ဆိပ်ကမ်းကို စနေနေ့က ရုရှ ဒုံးကျည်များ လာရောက်ထိမှန်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ပြောသည်။ စစ်ပွဲကြောင့် ဖြစ်ပေါ်သော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုများကို ပြေလျော့စေရန်နှင့် ပင်လယ်နက်ဆိပ်ကမ်းများမှ ဂျုံတင်ပို့မှုများကို ပြန်လည်ဖွင့်လှစ်ရန် အစောပိုင်းတစ်ရက်ကမှ လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်တစ်ခုအပေါ် အဆိုပါ တိုက်ခိုက်မှုက ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။

ဆိပ်ကမ်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုက ဗြောင်ကျသည့် “ရက်စက်ကြမ်းကြုတ်မှု” ဖြစ်ကြောင်းနှင့် ယင်းက သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မော်စကိုအပေါ် ယုံကြည်၍ မရနိုင်ကြောင်းကို ပြသနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

သို့သော် ဒုံးကျည်များက ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မဖြစ်စေခဲ့ကြောင်း ယူကရိန်းစစ်တပ်ကို ကိုးကားလျက် ယူကရိန်း၏ Suspilne ရုပ်သံမီဒီယာက ထုတ်လွှင့်ဖော်ပြသည်။ ပင်လယ်နက် ဆိပ်ကမ်းများမှ ဂျုံတင်ပို့မှုများ ပြန်စရန် ကြိုတင်ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ယူကရိန်းအစိုးရဝန်ကြီးတစ်ဦးက ပြောကြောင်း ယင်းက ဖော်ပြသည်။

အိမ်နီးချင်း ယူကရိန်းအပေါ် ရုရှက ကျူးကျော်မှုနှင့်အတူ ပန်းလျထိခိုက်စေသော တိုက်ခိုက်မှုများ ငါးလနီးပါးကြာ ရှိလာခဲ့ပြီးနောက် ကုလသမဂ္ဂနှင့် တူရကီ၏ ညှိနှိုင်းစေ့စပ်မှုဖြင့် သောကြာနေ့က ယူကရိန်းနှင့် ရုရှအကြား လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်က အခက်အခဲပြဿနာ ထိုးဖောက်ကျော်လွှားမှုတစ်ခုအဖြစ် ချီးကျူးခံခဲ့ရသည်။

အိုဒက်ဆာ အပါအဝင် ပင်လယ်နက်ဆိပ်ကမ်းများမှ ဂျုံပို့ကုန်များကို တင်ပို့ခွင့်ပြုခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန် ယင်းသဘောတူညီချက်က အရေးပါလှသည်ဟု ရှုမြင်ခံရသည်။

အိုဒက်ဆာ ဆိပ်ကမ်း တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် အီတလီတို့က အပြင်းအထန် ရှုတ်ချပြစ်တင်ခဲ့ကြသည်။

သဘောတူညီချက်က သီတင်းပတ်အနည်းငယ်အတွင်း အသက်ဝင်လည်ပတ်လိမ့်မည် ဖြစ်ကြောင်း ကုလတာဝန်ရှိသူများက သောကြာနေ့က ပြောခဲ့ကြသည်။

အိုဒက်ဆာ ဆိပ်ကမ်း တိုက်ခိုက်မှုများကို မော်စကိုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်း မရှိဟု ရုရှ တာဝန်ရှိသူများက အန်ကာရာကို ပြောကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ရုရှ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ သို့မဟုတ် စစ်တပ်၏ ညနေခင်း သတင်းထုတ်ပြန်ချက်တို့တွင် အိုဒက်ဆာရှိ ဒုံးကျည်တိုက်ခိုက်မှုများအကြောင်း ဖော်ပြထားခြင်းမရှိခဲ့ပေ။

ရိုက်တာ၏ မှတ်ချက်တောင်းခံသည့် ပန်ကြားချက်တစ်ခုကို ရုရှ ဝန်ကြီးဌာနက ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly