မောင်းပြန်သေနတ်နှစ်လက်ကိုင်ဆောင်သည့် ပျူစောထီးအဖွဲ့ဝင်ကို ပြောက်ကျားတပ်ဖွဲ့ ရှင်းလင်း

မောင်းပြန်သေနတ်နှစ်လက်ကိုင်ဆောင်သည့် ပျူစောထီးအဖွဲ့ဝင်ကို ပြောက်ကျားတပ်ဖွဲ့ ရှင်းလင်း

ဇူလိုင်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာမှ သေနတ်နှစ်လက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်အမျိုးသားကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပျူစောထီးအဖွဲ့ဝင် အသက် (၃၀)ကျော်ခန့်အရွယ်ရှိ ဦးအေးမင်းဆိုသူကို ၎င်းခိုအောင်းနေထိုင်နေသည့် နေရာအတွင်း သွားရောက်ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ မနေ့က မွန်းလွဲပိုင်းမှာ သူ့ကို သွားဖမ်းဆီးလိုက်တယ်၊ ပြီးတော့ လုံခြုံတဲ့နေရာမှာ စစ်ဆေးမှုတွေ လုပ်တဲ့ အချိန် သူက ပျူသင်တန်းဆင်းထားတာရယ် စစ်တပ်ဆီက သေနတ်နှစ်လက်နဲ့ ပိုက်ဆံတွေရတာလည်း ဝန်ခံခဲ့တယ် ” ဟု တိုက်နယ်စွန်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဦးအေးမင်းဆိုသူသည် ရွယ်ဘုံကျေးရွာတွင် ပျူစောထီးသင်တန်းတက်ရောက်ထားပြီး စစ်တပ်က မောင်းပြန်သေနတ်နှစ်လက်၊ ကျည်ဘောက်နှစ်ခု ပေးအပ်ထားကြောင်း ပြောက်ကျားတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၎င်း၏ သတင်းပေးဖမ်းဆီးခိုင်းမှုကြောင့် အပြစ်မဲ့ ပြည်သူ ငါးဦးလည်း စစ်တပ်၏ ဖမ်းဆီးခြင်း ခံထားရကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ပြောက်ကျားတပ်ဖွဲ့က ယင်းနေ့ ညနေပိုင်းအချိန်တွင်ပင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူ့ရဲ့ သေနတ်နှစ်လက်ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် သွားပြန်အပ်လိုက်တယ်ဆိုပြီး သိရတယ်၊ သူသတင်းပေးလို့ စစ်တပ်က ဖမ်းသွားတဲ့ ပြည်သူ ငါးယောက်ကတော့ အခုထိ သတင်း ပျောက်နေတုန်းပဲ။ ” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်နယ်စွန် (စွန်) ပြောက်ကျားတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း ၎င်းတို့လှုပ်ရှားနယ်မြေတစ်ဝိုက်ရှိ ပျူစောထီးနှင့် သတင်းပေးဒလန်များကို သုတ်သင်ရှင်းလင်းမှုများ ဆက်တ်ိုက်ပြုလုပ်နေပြီး ယခုရှင်းလင်းမှုသည် ခြောက်ကြိမ်မြောက် ရှင်းလင်းမှု ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ မတရားလုပ်ရပ်များကို တွန်းလှန်နေခြင်းဖြစ်သည့်အတွက် ကျန်ရှိနေသည့် ပျူစောထီးဒလန်များကိုလည်း အမှားနောက်မလိုက်ကြဘဲ အမှန်ဘက်ကို ရပ်တည်ကြရန်လည်း ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တ်ိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်မြို့နယ် ဆင်တလည်ကျေးရွာ ပတ်ပတ်လည်နှင့် ရွယ်ဘုံကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly