ဂက်စ်ငွေ့အရည်များသန့်ရှင်းမှုမရှိ၍ YBS လိုင်းကားများနှင့် တက္ကစီအချို့ ရပ်နား

ဂက်စ်ငွေ့အရည်များသန့်ရှင်းမှုမရှိ၍ YBS လိုင်းကားများနှင့် တက္ကစီအချို့ ရပ်နား

ဇူလိုင်လ ၂၄ ရက်

ရန်ကုန်မြို့အတွင်း ဇူလိုင် ၂၂ ရက်နေ့မှ စတင်၍ CNG ဂက်စ်ငွေ့ဖြင့် ပြေးဆွဲနေသည့် အများပိုင် YBS ယာဉ်လိုင်းတစ်ချို့နှင့် တက္ကစီယာဉ်တစ်ချို့ရပ်နားထားခြင်းမှာ လက်ရှိပေးနေသည့် CNG ဂက်စ်ငွေ့ရည်များ သန့်ရှင်းမှုမရှိသည့်အတွက် ကားအင်ဂျင်များထိုးရပ်ခြင်းကြောင့် ဖြစ်သည်ဟု ယာဉ်မောင်းများထံမှ သိရသည်။

''အဓိက အများပိုင်လိုင်းကားတွေ မထွက်ကြဘူး၊ ဂက်စ်နဲ့မောင်းရတဲ့ တက္ကစီအချို့မထွက်ကြတော့ဘူး၊ ဘာလို့လဲဆိုတော့ အခု ပေးနေတဲ့ ဂက်စ်ငွေ့ရည်တွေက လုံးဝမသန့်ဘူး၊ ရေတွေဆီတွေနဲ့ ရောနေတယ်။ ဒီတော့ဂက်စ်ငွေ့ဖြည့်ပြီးဆိုင်ထဲကထွက်တာနဲ့ ကားတွေက စက်ထိုးရပ်ကုန်တယ်၊ အဲဒီတော့ တစ်ခါဆိုင်မှာ ဂက်စ်ပြန်ချိန်ရပြန်တယ်၊ ကားအင်ဂျင်တွေလည်း နာကုန်တယ်၊ ဒါကြောင့် ကားတွေမထွက်ကြတော့တာ၊ ကျွန်တော်တောင် ကားဆွဲတာနားထားလိုက်ပြီ''ဟု CNG အငှားတက္ကစီယာဉ်မောင်းတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဇောတိက ဂတ်စ်ပိုက်လိုင်း ပေါက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG မလုံလောက်မှု၊ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဇူလိုင်လ ၂၁ ရက်နေ့ ညနေမှစတင်ကာ ဂတ်စ်အရောင်းဆိုင်များတွင် ကားများတန်းစီစောင့်ဆိုင်းခဲ့ရပြီး ဂတ်စ်အသုံးပြု YBS ယာဉ်လိုင်းများ ပါဝင်ခဲ့ခြင်းကြောင့် အစီးရေအပြည့် မထွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''လက်ရှိ ဂက်စ်ပေါက်ဈေးကတော့ ဈေးတက်တာတွေဘာတွေမရှိဘူး၊တစ်လီတာမှ ၃၀၀ကျပ်ပဲရှိတယ်၊ ပြဿနာကဘာဖြစ်လဲဆိုရင် အရင်ကဂက်စ်တစ်အိုးကို ကီလို ၁၄၀ အသာလေးမောင်းနိုင်တယ်၊ အခုတော့ ကီလို ၈၀ဝန်းကျင်ပဲ မောင်းနိုင်တော့တယ်၊ ဂက်စ်ငွေ့တွေထဲမှာ ရေတွေဆီတွေရောနေတော့ လီဘာတင်နင်းလိုက်ရင်လည်း ၆၀ကီလိုလောက်ရှိတာကနေအခုတော့ ဘယ်လောက်နင်းနင်း ကီလို၂၀ကျော်ပဲရှိတယ်၊ ပြီးတော့ ကားကထိုးရပ်သွားတော့တာပဲ။''ဟု အဆိုပါ တက္ကစီသမားမှ ပြောသည်။

လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသည့်ပြဿနာများ၊ခရီးသည်များအခက်အခဲနှင့်ပတ်သက်ပြီး တာဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )အနေဖြင့် ဖြေရှင်းမှု တစ်စုံတစ်ရာပြုလုပ်ပေးခြင်းကို မတွေ့ရှိရဘဲ ပရဟိတအသင်းများမှ ၎င်းတို့၏လူနာတင်ယာဉ်များဖြင့် ခရီးသည်များ၏အခက်အခဲများကို ရုံးတက်ရုံးဆင်းချိန်များတွင် ဖြေရှင်းပေးနေကြသည်ကို တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly