ကျောင်းသားသမဂ္ဂကျောင်းသားကို ရာဇဝတ်သားများနှင့် အတူထားပြီး နှိပ်စက်မှုများပြုလုပ်နေ

ကျောင်းသားသမဂ္ဂကျောင်းသားကို ရာဇဝတ်သားများနှင့် အတူထားပြီး နှိပ်စက်မှုများပြုလုပ်နေ

ဇူလိုင်လ ၂၄ ရက်

အင်းစိန်အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံလျက်ရှိနေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာ ကြီးနယ်မြေ)ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်သူ ကိုခန့်သူအောင်ကို ရာဇဝတ်သားများနှင့်အတူထားရှိပြီး နှိပ်စက်မှုများပြုလုပ်နေဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်နေ့က ကိုခန့်သူအောင်သည် ၎င်းနေထိုင်သည့် တိုက်အတွင်းနေထိုင်နေစဉ် တန်းစီသည့်နေရာတွင် မညီသည့်အကြောင်းပြချက်ဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့သည့်ဟု ထောင်တွင်းသတင်းရင်းမြစ်များထံမှသိရှိရသည်။

“ နေ့လယ် ယာယီတန်းပိတ်ချိန်မှာ တန်းစီတာ မညီဘူးဆိုပြီး တမင်တကာအပြစ်ရှာပြီး စည်းကမ်းထိန်း (ထောင်သားတစ်ဦး)က သူ့ကို ဝင်ရိုက်ပါတယ်။ ပြီးတော့ ကိုခန့်သူအောင်ကို ထောင်အာဏာပိုင်တွေကလည်း အချိန်တိုင်းစောင့်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အမြဲလိုလို ပြောဆိုရန်ရှာမှုတွေ ပြုလုပ်နေတယ်” ဟု သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ ပြောသည်။

ကိုခန့်သူအောင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သင်္ကြန် ကာလအတွင်းက သင်္ကြန်သပိတ်သို့သွားရာတွင် ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခြင်းခံထားရသူ ဖြစ်သည်။

ကိုခန့်သူအောင်သည် လက်ရှိအချိန်တွင် အင်းစိန်ထောင် အဆောင်(၅)ရှိ တိုက်တစ်ခု အတွင်းရောက် ရှိနေခြင်းဖြစ်သည်။ အဆိုပါအဆောင်သည် လူမိုက်များနှင့် ရာဇဝတ်သားများကို ထားရှိသည့် အဆောင်ဟုသိရပြီး ဒီမိုကရေစီရေးလှုပ်ရှားသူများကို အဆောင်(၅)အတွင်းသို့ထည့်ပြီး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ ပြုလုပ်သည်ဟုသိရသည်။

လက်ရှိအချိန်တွင် ကိုခန့်သူအောင်သူ အပါအဝင် အဆောင်(၅)အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝန်ထမ်းများက နှိပ်စက်ခြင်း၊စောင့်ကြည့်ခြင်းအပြင် သွားလာနေထိုင်မှုများနှင့် အဆောင်ကူးပြောင်းခြင်းများကို ကန့်သတ်မှုများရှိနေသည်။ ထို့အပြင် ကိုယ်ထိလက်ရောက် နှိပ်စက်မှုများလည်းရှိသည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ကိုခန့်သူအောင်နှင့်နီးစပ်သူတစ်ဦးက "နိုင်/ကျဥ်းများအပေါ် ပိုမိုဖိနှိပ်မှုတွေပြုလုပ်လာတာကြောင့် အမြဲတမ်း အထိတ်တလန့်နဲ့ နေထိုင်နေကြရပါတယ်။ ထောင်အာဏာပိုင်တွေဟာ လူအမြင်မှာပြောလိုက်ရင် ဥပဒေဘောင်တွင်းကဆောင်ရွက်ပါတယ်၊ အကျဥ်းသားအခွင့်အရေးအပြည့်အဝပေးပါတယ် အမြဲပြောနေပြီး တကယ့်လက်တွေ့မှာတော့ နိုင်/ကျဥ်းတွေကို ဖိနှိပ်မှုလုပ်ရပ်တွေမှာ ဦးဆောင်ကြံစည်နေတဲ့သူတွေပဲလို့ ယူဆပါတယ်။” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများဆောင်ရွက်နေသည့် လူငယ်များနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်လျက်ရှိပြီး နှိပ်စက်မှုအမျိုးမျိုးလည်း ပြုလုပ်နေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ဇူလိုင်လ ၂၂ရက်နေ့အထိထုတ်ပြန်သည့် သတင်းအချက်အလက်များအရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ ပြည်သူ ပေါင်း ၁၄,၈၄၇ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly