ဘုတ်ပြင်းမြို့နယ်တွင် အပြစ်မဲ့ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး

By ကိုရွှေမြိတ်/မဇ္ဈိမ
21 July 2022
ဘုတ်ပြင်းမြို့နယ်တွင် အပြစ်မဲ့ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဘုတ်ပြင်း၊ ဇူလိုင်လ(၂၁)

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မသေကျေးရွာအုပ်စုရှိ တောဝိုင်းမော်ကျေးရွာတွင် စစ်ထွက် သတင်းပေးဒလန်လင်မယားမှ မဟုတ်မမှန်တိုင်ကြားမှုကြောင့် ဒေသခံ အရပ်သားခြောက်ဦး ရိုက်နှက်ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ တောဝိုင်းမော်ကျေးရွာနေ ဒေသခံအရပ်သားခြောက်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခံခဲ့ရသည်ဟု ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၏ ထုတ်ပြန်ချက်အရသိရ သည်။

ဘုတ်ပြင်းဒေသခံတစ်ဦးက“ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ရွာသားခြောက်ယောက်က သာမာန် အရပ်သားတွေပါ။ နိုင်ငံရေးနဲ့လည်း ဘာမှ ဆက်စပ်မှုမရှိပါဘူး။ အခြေခံလူတန်းစားတွေဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါဒေသခံခြောက်ဦး အကြောင်းမဲ့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဒေသခံများ၏ပြောဆိုချက်အရ စစ်ကောင်စီနှင့်နီးစပ်သည့် တောဝိုင်းကျေးရွာနေ ဦးအောင်လတ်(စစ်မှုထမ်းဟောင်း)နှင့်ဇနီးဖြစ်သူတို့ နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရမကျေနပ်ချက်ကြောင့် ၎င်းတို့ကို PDF အဖွဲ့စည်းအားထောက်ပံ့နေသူများ ဖြစ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီကိုတိုင်ကြားပြီးနောက် ရိုက်နှက်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဒေသခံ ခြောက်ဦးသည် ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်အထိ စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံနှင့် မိသားစုဝင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required