SSPP/SSA၏ တပ်စခန်း ၃ခု စစ်ကောင်စီရွှေ့ခိုင်း၊တပ်စခန်းများကို ရွှေ့ပေးမည်မဟုတ်ဟု SSPP အကြောင်းပြန်

SSPP/SSA၏ တပ်စခန်း ၃ခု စစ်ကောင်စီရွှေ့ခိုင်း၊တပ်စခန်းများကို ရွှေ့ပေးမည်မဟုတ်ဟု SSPP အကြောင်းပြန်

ဇူလိုင်လ ၂၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရှူးမြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်စခန်းသုံးခုကို ရွှေ့ပေးမည်မဟုတ် အကြောင်းပြန်လိုက်ပြီဖြစ်ကြောင်း SSPPပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်နေ့က မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင် ခေါင်းဆောင်ပြီး ဆွေးနွေးခဲ့စဥ်တွင် တပ်စခန်းသုံးခုကို ခုနစ်ရက် အတွင်းရွှေ့ပေးရန်အတွက် စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် ဇူလိုင်လ၂၀ရက်နေ့ ရက်စွဲဖြင့် SSPP ဘက်မှ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဥက္ကဌက လက်မှတ်ရေးထိုးပြီး ဆုတ်ခွာမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

“ကျနော်တို့စာရေးပြီးတော့ အကြောင်းပြန်လိုက်ပြီ စခန်းရွှေ့ဖို့က လောလောဆယ်တော့ အခက်အခဲအများကြီးရှိတယ်။ ဒီတပ်စခန်းသုံးခုက ဘာမှလည်းမဟုတ်ဘူးလေ။ အခိုင်အမာဆောက်ထားတဲ့ ဟာလည်းမဟုတ်ဘူး။ ငြိမ်းချမ်းရေးထိခိုက်အောင်လည်း မဖြစ်ဘူးလေ။ ငြိမ်းချမ်းရေးရှေးရှုသောအားဖြင့် ဒီစခန်းကို ရွှေ့ပေးဖို့ဆိုတာ အခက်အခဲရှိတယ်“ ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

စစ်ကောင်စီဘက်မှ ဆုတ်ခိုင်းသည့် တပ်စခန်းများမှာ မိုင်းရှူးမြို့နယ်နှင့် မိုင်းရှူးမြို့မြောက်ဘက်တွင် တည်ရှိသည်ဟု သိရသည်။ စစ်ကောင်စီက နယ်မြေကျော်လွန်ဆောက်လုပ်ထားသည်ဆိုသော စခန်းသုံးခုမှာ SSPP/SSA ၏ တပ်မဟာ (၇၀၂)၊ တပ်ရင်း (၄၂၄) ၏စခန်းများဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required