တော်လှန်ရေး ရေချိန်မြင့်ချိန်တွင် လက်နက်ကျည်အင်အား ဖြည့်တင်းနိုင်ရန် RKDF အဖွဲ့က မြေကွက်ကံစမ်းမဲ ပြုလုပ်

တော်လှန်ရေး ရေချိန်မြင့်ချိန်တွင် လက်နက်ကျည်အင်အား ဖြည့်တင်းနိုင်ရန် RKDF အဖွဲ့က မြေကွက်ကံစမ်းမဲ ပြုလုပ်

ဇလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းအခြေစိုက် Ranger Kalay Defend Force-RKDF တပ်ဖွဲ့မှ ပြည်သူလူထုထောက်ပံ့မှု တစ်ခုတည်းဖြင့် ရပ်တည်နေရသည့်အတွက် တော်လှန်ရေး ရေချိန်မြင့်ချိန်တွင် လက်နက်အင်အား ကျည်အင်အား ၊ ကျည်အင်အား ဖြည့်တင်းရန် ရန်ပုံငွေ လိုအပ်လျှက်ရှိရာ မြေကွက်ကံစမ်းမဲပြုလုပ်ထားပြီး ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

''မိဘဘိုးဘွားပိုင် ဂရန်အမည်ပေါက် အိမ်ဝိုင်းကို ကံစမ်းမဲ စနစ်ပြုလုပ်မှာပါ။ မဲတစ်စောင် နှစ်သောင်းနဲ့ အစောင်ရေ ၃,၀၀၀ အထိပဲ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အစောင် ၃,၀၀၀ ပြည့်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိစွာ မဲဖောက်ပေးပြီး မဲပေါက်တဲ့ ပြည်သူကို စာရွက်စာတမ်းအပြည့် အစုံနဲ့ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ Fundraiser တွေအနေနဲ့ ကူညီပေးဖို့နဲ့ ပြည်သူတွေအနေနဲ့ လူအများသိအောင် ကူညီ share ပေးဖို့ပြောချင်ပါတယ်''ဟု Ranger Kalay Defend Force ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇီက မဇ္ဈိမကို ပြောသည်။

ရောင်းချမည့်မြေနေရာမှာ တိုင်းတစ်တိုင်း၏ မြို့ပေါ်ရပ်ကွက်မှ ပေ ၄၀×၁၀၀ အကျယ်ရှိ အိမ်ဝိုင်းကွက် နေရာကောင်းတစ်ခုဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ယုတ်မာကောက်ကျစ်မှုများ လွတ်ကင်းစေရန် မြေကွက်လုံခြုံရေးနှင့် ကံစမ်းသူများ၏ လုံခြုံရေး၊ ကံထူးရှင်၏ လုံခြုံရေးတို့ကြောင့် မြေကွက်တည်နေရာအား စုံစမ်းမေးမြန်းခြင်း သည်းခံကြပါရန် Ranger Kalay Defend Force က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေး မေတ္တာရပ်ခံထားသည်။

လက်မှတ်များကို Ranger Kalay Defend Force ၏ Facebook Page တွင် တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မီးရှို့သွားသည့် ကလေးမြို့နယ်က စစ်ဘေးသင့်ပြည်သူများကိုလည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်- Ranger Kalay Defend Force (RKDF) က ကူညီလှူဒါန်းပေးလျက်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဝင်နေရသည့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တပ်ဖွဲ့ရန်ပုံငွေ ရရှိနိုင်ရေးအတွက် ယခုကဲ့သို့ နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားနေရခြင်းဖြစ်သည်။

#mizzima

#စစ်ကောင်စီတပ်

#ရင်ဆိုင်တိုက်ပွဲ

#ရောင်းချမည့်မြေနေရာ

#တပ်ဖွဲ့ရန်ပုံငွေ

#စစ်ဘေးသင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly