ရေဖြူမြို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသား ၂ ဦး နေအိမ်တွင် ပစ်ခတ်ခံရ၍ သေဆုံး

By ကိုရွှေမြိတ်
21 July 2022
ရေဖြူမြို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသား ၂ ဦး နေအိမ်တွင် ပစ်ခတ်ခံရ၍ သေဆုံး

ရေဖြူ၊ ဇူလိုင်လ၊ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊နဘုလယ်ဒေသ ၊ထွက်၀ကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့် အချိန်က ပျူစောထီးအဖွဲ့ဝင်ဟုနာမည် ထွက်နေသူ အမျိုးသား နှစ်ဦး နေအိမ်တွင်ရှိနေစဉ် အမည်မသိ အဖွဲ့အစည်းတစ်ခုက သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အဆိုပါ ပျူစောထီးအဖွဲ့ဝင်ဆိုသူမှာ ဦးအေးသားနှင့် ဦးစံအေးတို့ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နဘုလယ်ဒေသခံ တစ်ဦးက“သူတို့ နှစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ် ခံရချိန်မှာ အချက်ရေ မနည်းဘူး ။ သူတို့က ပျူစောထီးနဲ့ သွေးသောက်အဖွဲ့ဝင်တွေ ဖြစ်ကြတယ်”ဟု ပြောသည်။

ထို့အပြင် ၎င်းတို့ နှစ်ဦး သည် စစ်ကောင်စီက လက်နက်တပ်ဆင် ပေးထားသူများ ဖြစ်သည့် အပြင် ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် CDM ဝန်ထမ်းများ၊ ဆန္ဒပြလူငယ်များ၊ PDF အဖွဲ့ဝင်တို့၏ မိသားစုဝင်များ၏ နေအိမ်တို့ကို လိုက်လံစုံစမ်း သတင်းပေးနေသူများဖြစ်ကြောင်း ရွာခံများ၏ ပြောဆိုချက် အရ သိရသည်။

အဆိုပါ ပျူစောထီး သွေးသောက် အဖွဲ့ဝင် နှစ်ဦးကို မည်သည့် အဖွဲ့အစည်းက ပစ်ခတ် ရှင်းလင်းခဲ့ သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

#Mizzima

#တနင်္သာရီတိုင်း

#ရေဖြူမြို့နယ်

#ပျူစောထီး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly