ယူကရိန်း သမ္မတကတော်က လက်နက်ပိုမိုထောက်ပံ့ရေးအတွက် အမေရိကန်လွှတ်တော်တွင် ပြော 

ယူကရိန်း သမ္မတကတော်က လက်နက်ပိုမိုထောက်ပံ့ရေးအတွက် အမေရိကန်လွှတ်တော်တွင် ပြော 
Photo - AFP

ဇူလိုင် ၂၁

ယူကရိန်း သမ္မတကတော်သည် အမေရိကန်လွှတ်တော်အမတ်များအား ဗုဒ္ဓဟူးနေ့၌ စိတ်ခံစားချက်ပါစွာ မိန့်ခွန်းပြောဆိုရာတွင် ရုရှကျူးကျော်သူများကို တိုက်ထုတ်ရန် လက်နက်ပိုမိုထောက်ပံ့ရေးအတွက် ပြောဆိုခဲ့ပြီး မိမိတို့၏ ရင်သွေးငယ်များအတွက် စိုးရိမ်ပူပန်နေရသော သန်းပေါင်းများစွာသော မိဘများကို ကိုယ်စားပြုပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။ 

အမေရိကန်လွှတ်တော်၏ ရှေ့မှောက်တွင် အွန်လိုင်းဗီဒီယိုဖြင့် တက်ရောက်ကာ ဓာတ်ပုံများ ပြသခဲ့သည့် ခင်ပွန်းဖြစ်သူ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအတိုင်းပင် အိုလီနာ ဇယ်လန်စကာက အမေရိကန်လွှတ်တော်သို့ လူကိုယ်တိုင် တက်ရောက်ပြီး ရုရှကြောင့် သေဆုံးခြင်း သို့မဟုတ် မသန်မစွမ်းဖြစ်သွားခြင်းများ မဖြစ်ခင် ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့သည့် ကလေးငယ်များ၏ ဓာတ်ပုံများကို ပြသခဲ့သည်။ 

ထိုပြသမှုထဲမှ တစ်ခုသော ပုံရိပ်မှာ ဉာဏ်ရည်ဖွံ့ဖြိုးမှု နိမ့်ပါးသည့် ရောဂါခံစားနေရသော အသက် လေးနှစ်အရွယ် လီဇာ ဒီမီထရီဗာဆိုသည့် ကလေးမလေး၏ ပုံရိပ်များဖြစ်ပြီး မိခင်ဖြစ်သူက တွန်းလှည်းပေါ် ကလေးမလေးကို တင်၍ ပျော်ရွှင်စွာ သွားလာနေသည့် ဗီဒီယိုဖြစ်သည်။ ယင်းသို့ ပျော်ပျော်ရွှင်ရွှင် ရှိနေရာမှ နောက်တစ်နာရီအကြာတွင် ကလေးမလေးမှာ ရုရှ၏ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်၌ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

“ဖအေတွေတိုင်း၊ မအေတွေတိုင်း သူတို့ သားသမီးတွေကို အေးအေးချမ်းချမ်း သွားအိပ်ပါလို့ ပြောနိုင်တာမျိုးကို ကျွန်မတို့ လိုချင်တယ်၊ လေကြောင်းတိုက်ခိုက်မှုတွေ မရှိတာ၊ ဒုံးကျည်ပစ်ခတ်မှုတွေ မရှိတာမျိုး ကျွန်မတို့ လိုလားတယ်၊ ဒါဟာ အလိုကြီးတာများ ဖြစ်နေလား”ဟု ဇယ်လန်စကာက ဆိုသည်။ 

ရုရှ၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်လာချိန်မှစကာ ချက်ချင်းဆိုသလို ဘေးလွတ်ရာ ခိုလှုံနေခဲ့ပြီးနောက် လူထုနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်လာခဲ့သူ ဇယ်လန်စကာက သမ္မတကတော်တစ်ဦး လက်နက်ရရှိရေး ကြိုးပမ်းခြင်းသည် တမူထူးခြားနေမည်ဆိုခြင်းကို ဝန်ခံသော်လည်း မရှိမဖြစ် လိုအပ်၍ဖြစ်သည်ဟု ပြောဆိုသည်။ 

ဒုံးကျည်တိုက်ခိုက်မှုများကြောင့် တွန်းလှည်ပေါ်က ကလေးငယ်လေးများ သေဆုံးရခြင်းများ မရှိအောင် ယူကရိန်းအနေဖြင့် လေကြောင်းရန်ကာစနစ်များ လိုအပ်သည်ဟု ၎င်းက ပြောသည်။ 

“ယူကရိန်းပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒီ ထိတ်လန့်ကြောက်မက်ဖွယ်ရာ အဆုံးသတ်ဖို့ ကျွန်မတို့ကို ကူညီကြပါ”ဟု သူက ပြောသည်။ 

“လက်ရှိမှာ ကျွန်မတို့ဟာ ပုံမှန်အခြေအနေတွေ ပျက်ယွင်းခံနေရတာပါ၊ ကျွန်မရဲ့ သားငယ် ဒီနှစ် ဆောင်းဦးမှာ ကျောင်းပြန်တက်နိုင်ပါ့မလား၊ သန်းပေါင်းများစွာသော ယူကရိန်းမိခင်တွေနည်းတူပဲ ကျွန်မလည်း မသိပါ”ဟု ဇယ်လန်စကာက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly