မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒုရဲမှူး ကျည်ထိမှန်သေဆုံး

မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒုရဲမှူး ကျည်ထိမှန်သေဆုံး

ဇူလိုင်လ ၂၀ ရက်

ထားဝယ်-ရေး-မွန်ပြည်နယ်သို့သွားသည့် မလွဲတောင်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တာဝန် ကျရဲတပ်ဖွဲ့ဝင်နှစ်ဦး အချင်းချင်းစကားများခိုက်ရန်ဖြစ်ပွားရာမှ အပြန်အလှန် ပစ်ခတ်မှုကြောင့် ခရိုင် အဆင့်ရှိ ဒုရဲမှူးတစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

အချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ ခရိုင်အဆင့်ရှိဒုရဲမှူးကျော်သူဝင်းဆိုသူဖြစ်ပြီး ၎င်းသည် ထားဝယ်မြို့နယ် ဝဲကျွန်းခရိုင်ရုံးတွင်နေထိုင်သူဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဒုရဲမှူးနာရေးရှိသည့် ရပ်ကွက်တွင်နေထိုင်သူ တစ်ဦးက “သူတို့အချင်းချင်း ဝေစုမတည်လို့ စကားများပြီး ပစ်ခတ်မှုတွေဖြစ်တာ” ဟု ပြောသည်။

ဒုရဲမှူးကျော်သူဝင်း၏နာရေးကို ယနေ့မွန်းလွဲပိုင်းတွင် မိသားစုဝင်များက ဇဟာသုဿာန်တွင် မီးသဂြိုလ် သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

အဆိုပါ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် အခြား စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာများက ခရီးသွားပြည်သူ့ယာဥ်များထံမှ ဂိတ်ကြေးတောင်းခြင်း၊ လာဘ်ထိုး ငွေများယူခြင်း၊ တရားမဝင်ပစ္စည်းများ သယ်ယူခွင့်ပေးကာ ဝေစုမတည့်သည့် ပြဿနာများမကြာခဏ ဖြစ်သည့်အပြင် အစစ်အဆေးကြမ်းသည့် ဂိတ်တစ်ခုဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly