ပြည့်သူ့ပညာရေးကျောင်းများကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ထင်ပေါ်ကျော်ကြားသူ ၂ ဦးကို တောင်းပန်ရန် ပညာရေးအဖွဲ့များတောင်းဆို

ပြည့်သူ့ပညာရေးကျောင်းများကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ထင်ပေါ်ကျော်ကြားသူ ၂ ဦးကို တောင်းပန်ရန် ပညာရေးအဖွဲ့များတောင်းဆို

ဇူလိုင်လ ၂၀ ရက်

Kaung For You (K4U)ကျောင်းနှင့်ပတ်သက်သည့် ဝေဖန်ထောက်ပြမှုများပြုလုပ်ခဲ့သည့် ထင်ပေါ်ကျော် ကြားသူနှစ်ဦးကို ပြည်သူ့ပညာရေးကျောင်းများအား အထင်မြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့မှုများအပေါ် ဝန်ချတောင်းပန်ရန် ပြည်သူ့ပညာရေးကျောင်း ၄၀ ကျော်က ဇူလိုင်လ ၁၉ ရက်နေ့ တွင် တောင်းဆိုလိုက်ကြသည်။

Kaung For You ကျောင်းနှင့်ပတ်သက်၍ ပြည်သူ့ပညာရေးကျောင်းများနှင့် အင်အားစုများက ဝေဖန် ထောက်ပြမှုများအနက် သရုပ်ဆောင်ဟိန်းထက်နှင့် အနာဂတ်ကမ္ဘာပညာရေးဖောင်ဒေးရှင်း တည်ထောင် သူ Moe Kha ဆိုသူတို့က အထင်မြင်လွဲမှားစေသည့် အရေးသားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သရုပ်ဆောင်ဟိန်းထက်က ၎င်း၏ Facebook စာမျက်နှာတွင် ပြည်သူ့ပညာ‌ရေးကျောင်းများအပေါ် ကျောင်းသားများ၊ မိဘပြည်သူများ အထင်အမြင် ထပ်မံလွဲမှားစေရန် ဖက်ဒရယ်စကူးလီဒါများပေါင်း၍ လုပ်ဆောင်သည်ဟူ၍ Screenshot များနှင့်အတူ တင်ထားသည်ကို တွေ့ရသည်။

အလားတူ အနာဂတ်ကမ္ဘာပညာရေးဖောင်ဒေးရှင်းတည်ထောင်သူ Moe Kha ဆိုသည့် အမည်ရှိသူက “အပေါ်ယံကြည့်ရင် ဒီပြဿနာအားလုံးရဲ့ တရားခံကို ဆရာကောင်းနဲ့ K4U လို့ပဲ ယူဆကြလိမ့်မယ်။ အမှန် တော့ ဆရာကောင်းနဲ့ K4U မှာ အဓိကတာဝန်ရှိတာမှန်ပေမယ့် သူတို့ကြောင့်ပဲတော့ ဒီပြဿနာ အားလုံး ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ ပြဿနာအားလုံးရဲ့ အဓိကလက်သည်တရားခံဟာ ဘက်တူအချင်းချင်း ယုတ်မာပြီး အုပ်စုဖွဲ့တိုက်ခိုက်ကြတဲ့သူတွေ ဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က ဆရာကောင်းနဲ့ K4U ပြိုလဲ ရေးပဲဖြစ်တယ်။ သူတို့နားလည်တာက Kaung For You မရှိရင် သူတို့ကျောင်းတွေနဲ့ တခြားဖက်ဒရယ် ကျောင်းတွေကို လူပိုပြီးစိတ်ဝင်စားလာမယ်၊ ယုံကြည်လာမယ်ဆိုပြီးတော့ပါ”ဟု တင်ထားသည်ကို တွေ့ရ သည်။

၎င်းတို့နှစ်ဦးမှာ အထက်ပါ စာသားများကို ဇူလိုင်လ ၁၉ ရက်နေ့တွင် တစ်ရက်တည်း တင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရေးသားခဲ့မှုအတွက် အတိအလင်း ဝန်ချတောင်းပန်ရန် ပြည်သူ့ပညာရေးကျောင်း ၆၃ ကျောင်း ရှိသည့်အနက် ကျောင်းပေါင်း ၄၀ ကျော်က ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်။

“ ဒီကိစ္စက ပြည်သူ့ပညာရေးကျောင်းတွေကို သိမ်းကျုံးစော်ကားတဲ့ကိစ္စပေါ့။ ကျောင်းတွေက စုပေါင်းပြီး လုပ်တယ်ဆိုပြီး စွပ်စွဲတာပေါ့။ ကိုယ့်ရဲ့ကျောင်းရဲ့ လုံခြုံရေးကျိုးပေါက်မှုကို တာဝန်မခံဘဲနဲ့ အခြားအစု အဖွဲ့တွေကို လွှဲချတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်။ K4U ဘက်ကပြောနေတာမျိုးမဟုတ်ပေမယ့်လည်း သူတို့ K4U အတွက်ပြောပေးနေတဲ့သူတွေက ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာမျိုး လုပ်လာတယ်။ ဒါကမဖြစ်သင့် ဘူး” ဟု အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-SC)၏ ဗဟို အလုပ်အမှုဆောင် ဆရာနောင်ချိုက ဆိုသည်။

သရုပ်ဆောင်ဟိန်းထက်သည် ၎င်းရေးသားခဲ့သည့် ကိစ္စများအပေါ် ယမန်နေ့ညက တောင်းပန်ခဲ့သော် လည်း မိုးခဆိုသူမှာ လက်ရှိအချိန်ထိ တောင်းပန်ခြင်းမရှိသေးပေ။

သရုပ်ဆောင်ဟိန်းထက်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူ့ပညာရေးဖော်ဆောင်နေသော ဆရာ၊ ဆရာမများသို့တောင်းပန်ခြင်းဟုအစချီ၍ “ကျနော် မင်းသီဟကျော်(ခ)ဟိန်းထက်သည် ဆရာ၊ ဆရာမများအပေါ် စော်ကားပြောဆိုမိခဲ့သည်ရှိခဲ့ရင် ကျနော်လေးနက်စွာဖြင့် ဝန်ချတောင်းပန်ပါရစေ ခင်ဗျာ။ ကျနော်ရဲ့ ရေးသားချက်တွေက ဆရာ၊ ဆရာမတို့ကို စိတ်ထိခိုက်စေမိပါက အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ။ ကျနော်လည်း ပြည်သူ့ပညာရေးအတွက် ကြိုးစားလုပ်ဆောင်နေသည့်အတွက် ကျနော့်ကို ညီလို မောင်လို အမြင်မတော်တာရှိရင် ဆုံးမနိုင်ပါတယ်ခင်ဗျာ ဆရာ၊ ဆရာမတို့အားလုံးကိုလေးစားစွာဖြင့်”ဟု ရေးသားထားသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိနေသည့် Kaung For You (K4U)ကျောင်းနှင့် ပတ်သက်သည့် ဖမ်းဆီးခံရမှုများ သည် NUG ပညာရေးဝန်ကြီးဌာန၏ ထိန်းကျောင်းမှု အားနည်းခဲ့သည့်အတွက် နောက်ဆက်တွဲဖြစ်ပွားခဲ့ ရသည့်ပြဿနာဖြစ်သည်ဟု ဆရာနောင်ချိုက ဆိုသည်။

“NUG ပညာရေးဝန်ကြီးဌာနကို တိုက်တွန်းချင်တာကတော့ ဖြစ်စဉ်တွေအားလုံးရဲ့ ကိစ္စအပေါ်မှာ မူဝါဒ ပိုင်းအရ ထိန်းကျောင်းဖို့လိုတယ်။ ပြုပြင်ဖို့လိုတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

လူမှုကွန်ယက်တွင် ထင်ပေါ်ကျော်ကြားသူများအနေဖြင့် နိုင်ငံရေးကိစ္စများနှင့် အခြားတော်လှန်ရေးကိစ္စ များတွင် မိမိ၏အယူအဆများကို ပြည်သူလူထု အထင်မြင်လွဲမှုများမရှိစေရန် အထူးသတိထားသင့် ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly