ရုရှသမ္မတ ပူတင်က အီရန်ခေါင်းဆောင် ခါမေနီနှင့် တွေ့ဆုံပြီး ဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်း

By ရိုက်တာ
20 July 2022
ရုရှသမ္မတ ပူတင်က အီရန်ခေါင်းဆောင် ခါမေနီနှင့် တွေ့ဆုံပြီး ဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်း

ဇလိုင် ၂၀

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့က အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသည် ဖေဖေါ်ဝါရီ ၂၄ ရက် ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုနောက်ပိုင်း ဆိုဗီယက်ယူနီယံဟောင်း၏ ပြင်ပသို့ သွားရောက်သည့် ရုရှခေါင်းဆောင်၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

ပူတင်သည် တီဟီရန်၌ တူရကီခေါင်းဆောင် တေယစ်ပ် အာဒိုဂန်နှင့်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံစည်းဝေးခဲ့ပြီး ယူကရိန်း၏ ပင်လယ်နက် ဂျုံ တင်ပို့မှုများ ပြန်လည်စတင်စေမည့် သဘောတူညီချက်တစ်ခုနှင့် ဆီးရီးယား မြောက်ပိုင်း ပဋိပက္ခအရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးနှင့် ဆော်ဒီ အာရေးဗျသို့ သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဖြစ်ပေါ်လာသော ယခု ပူတင်၏ ခရီးစဉ်က အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်အတွေ့တွင် အီရန်၊ တရုတ်၊ အိန္ဒိယတို့နှင့် ပိုမို နီးကပ်သည့် မဟာဗျူဟာကျ ဆက်ဆံမှုများကို ခိုင်မာအောင်လုပ်မည့် မော်စကို၏ အစီအစဉ်များနှင့်ပတ်သက်ပြီး အနောက်အုပ်စုထံ အားကောင်းသည့် မက်ဆေ့ချ်တစ်ခု ပေးလိုက်ခြင်းလည်း ဖြစ်သည်။

အီရန်နှင့် ရုရှအကြား ရေရှည် ပူးပေါင်းဆောင်ရွက်သွားရေး ခါမေနီက တောင်းဆိုခဲ့သလို နှစ်နိုင်ငံအနေဖြင့် “အနောက်အုပ်စု၏ လှည့်စားမှု” ကို ရင်ဆိုင်လျက် သတိဝီရိယဖြင့် ရှိနေရန် လိုသည်ဟု ပူတင်ကို ပြောခဲ့ကြောင်း အီရန် နိုင်ငံပိုင်ရုပ်သံက ဖော်ပြသည်။

ရုရှအနေဖြင့် အမေရိကန်နှင့် သီးခြားကင်းကွာစွာ လွတ်လွတ်လပ်လပ် ဆက်ရှိနေမည် ဖြစ်သည်ဟု ပူတင်က ပြောခဲ့သလို ရုရှ၊ အီရန် တို့အနေဖြင့် ကုန်ပစ္စည်းများ ကုန်သွယ်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများ စတင် အသုံးပြုသင့်သည်ဟု ပြောခဲ့ကြောင်း ခါမေနီက ပြောသည်။

“ကမ္ဘာ့ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာကို တဖြည်းဖြည်းချင်း ဖယ်ရှားသွားသင့်ပါတယ်။ ဒါကို ဖြည်းဖြည်းချင်း လုပ်သွားနိုင်ပါတယ်” ဟု ခါမေနီက အစည်းအဝေးတွင် ပြောခဲ့သည်ဟု သိရသည်။

ယူကရိန်းစစ်ပွဲကြောင့် သာမန်ပြည်သူများ ထိခိုက်ခံစားနေရသော်ငြား မော်စကိုအနေဖြင့် ယူကရိန်းတွင် အခြားရွေးစရာ နည်းလမ်း သိပ်မရှိခဲ့ကြောင်း ခါမေနီက ပြောသည်။ “ခင်ဗျားအနေနဲ့ ဒီ အစီအစဉ်ကို မလုပ်ခဲ့ဘူးဆိုရင်လည်း အခြားတစ်ဖက် (အနောက်အုပ်စု) က သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ်နဲ့ စစ်ပွဲတစ်ခုကို ဖြစ်စေပါလိမ့်မယ်” ဟု ခါမေနီက ပူတင်ကို ပြောသည်။

ပူတင်၏ ယခု တီဟီရန် ခရီးစဉ်ကို ကြည့်မည်ဆိုပါက ရုရှအနေဖြင့် ယူကရိန်းအပေါ် ကျူးကျော်ပြီးနောက်ပိုင်း နိုင်ငံတကာအလယ်တွင် မည်ကဲ့သို့ အထီးကျန်ဆန်လာခဲ့ပြီလဲ ဆိုသည်ကို ပြသနေကြောင်း အမေရိကန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly